ကပ်ဘေးကာလ လူထုအကျိုးပြုအသိပေးကြေညာချက်များ – မီဒီယာလုပ်ငန်းတိုးတက်မှုအတွက် အထောက်အကူပြုသည့်အပြင် ပြည်သူလူထုအတွက် သတင်းအချက်အလက်များရရှိစေခြင်း

လူထုအကျိုးပြုအသိပေးကြေညာချက်များ (PSA) သည် အရေးပေါ်ကာလမျိုးတွင် ကြော်ငြာရှင်များ ချန်လှပ်ထားခဲ့သည့် ကွက်လပ်ကို ဖြည့်စွက်ပေးနိုင်ပါသည်။ PSA များသည် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ တန်ဖိုးရှိသောသတင်းစကားများကို ပရိတ်သတ်များ တွေ့မြင်ကြားသိစေသည့်အပြင် စီးပွားရေးမတည်မငြိမ်ဖြစ်နေချိန်တွင် မီဒီယာများရှင်သန်ရပ်တည်နိုင်ရန် အထောက်အကူပြုပါသည်။ ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှအစပြု၍ MDIF နှင့် မြန်မာနိုင်ငံရှိ ၎င်း၏ မိတ်ဖက်မီဒီယာများက သတင်းစကားများကို ပြည်သူ ၂၆ သန်းခန့်အထိ အရောက်ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

ကပ်ဘေးကာလမျိုးတွင် ကလေးများအား ပိုမိုဂရုပြုစောင့်ရှောက်ရန် လိုအပ်ပါသည်။ ကိုဗစ်-၁၉ ကြောင့် ကလေးများ၏ စိတ်ဖိစီးမှုများကို ပိုမိုမြင့်မားစေသည်။ အစိုးရ၏ အိမ်တွင်နေထိုင်ရန် ညွှန်ကြားချက်ကြောင့် ကလေးများ လွတ်လပ်စွာ ကစားခုန်စားပြုလုပ်နိုင်သည့်နေရာလည်း ကျဉ်းမြောင်းသွားပါသည်။ ကလေးများအနေဖြင့် ၎င်းတို့၏ စိုးရိမ်ပူပန်မှုကို မပြောပြတတ်သေးသဖြင့် မိဘများအနေဖြင့် ပိုမိုဂရုစိုက်ပေးရန် လိုပါသည်။ ယင်းသတင်းစကားကို MDIF ၏ မီဒီယာမိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော Dawei Watch က ကပ်ရောဂါနှင့်ဆက်စပ်၍ ၎င်းတို့၏ လူထုအကျိုးပြုအသိပေးကြေညာချက်တစ်ခုတွင် ကြော်ငြာခဲ့ပါသည်။

မြန်မာနိုင်ငံရှိ PSA အများစုတွင် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ အခြေခံဆောင်ရန်ရှောင်ရန်အချက်များကို ဖော်ပြလေ့ပါသည် – ဥပမာ နှာခေါင်းစည်းတပ်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်းတို့၏ အရေးပါပုံများ။ ယင်းသတင်းစကားများက အချိန်အခါနှင့် အလွန်ပင် ဆီလျော်မှု ရှိပါသည်။ သို့သော်လည်း Dawei Watch ၏ လူထုအကျိုးပြု အသိပေးကြေညာချက်က ပုံမှန်အားဖြင့် ထောက်ပြမှုနည်းပါးလေ့ရှိသည့် ကိစ္စရပ်ကို ဦးတည်ချက်ထားသဖြင့် ပေါ်လွင်ထင်ရှားနေပါသည်။ ထို့အပြင် ကပ်ရောဂါကြောင့် ပိုမိုမြင့်မားလာသော ကလေးများ၏ စိတ်ဖိစီးမှုပြဿနာကို အဖြေရှာ၍ တုံ့ပြန်ထားသဖြင့် Dawei Watch ၏ PSA က ပရိတ်သတ်များ၏ သတင်းအချက်အလက်လိုအပ်ချက်ကို ကောင်းစွာ သိရှိနားလည်ကြောင်း ဖော်ပြနေပါသည်။

၂၀၂၀ ခုနှစ် ဧပြီလတွင် MDIF က မြန်မာနိုင်ငံရှိ ၎င်း၏ မီဒီယာမိတ်ဖက်အဖွဲ့အစည်း ၁၀ ဖွဲ့အား ကိုဗစ်-၁၉ ဆိုင်ရာ PSA များကို ၎င်းတို့၏ မီဒီယာပလက်ဖောင်းများတွင် ဖြန့်ဝေပေးရန် အဆိုပြုလွှာများ ဖိတ်ခေါ်ခဲ့ပါသည်။ ယင်းမီဒီယာအဖွဲ့အစည်း ၁၀ ဖွဲ့အနက် ၃ ဖွဲ့က ရန်ကုန်တွင် အခြေစိုက်၍ တစ်နိုင်ငံလုံးအထိ လွှမ်းခြုံမှု ရှိပါသည်။ အခြား ၇ ဖွဲ့က ဒေသတွင်းမီဒီယာများဖြစ်ကြပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် မီဒီယာလုပ်ငန်းများ ဆောင်ရွက်နေပါသည်။ ယင်းမီဒီယာများက ဒစ်ဂျစ်တယ်၊ ပုံနှိပ်နှင့်တီဗွီ အစရှိသည့် ပလက်ဖောင်းအမျိုးမျိုး အသုံးပြုသဖြင့် PSA များကိုလည်း ပုံစံအမျိုးမျိုးဖြင့် တင်ဆက်နေကြပါသည် – တီဗွီ သို့မဟုတ် ဒစ်ဂျစ်တယ်ပလက်ဖောင်းတွင် ထုတ်လွှင့်ရန် ဗွီဒီယိုများဖန်တီးခြင်း အပါအဝင် ကာတွန်း၊ ကြော်ငြာသတင်း၊ ဝက်ဘ်ဆိုဒ်နှင့်ဆိုရှယ်မီဒီယာအတွက် နဖူးစည်းကြော်ငြာများ၊ တေးသီချင်းများ ရေးသားဖန်တီးခြင်း။ ပရိတ်သတ်များအား ကိုဗစ်-၁၉  အကြောင်း အသိပညာပေးခြင်းနှင့်သတင်းတင်ဆက်ခြင်းတို့ပြုလုပ်မည့် ယခုလူထုအကျိုးပြုအစီအစဉ်တွင် PSA ပေါင်း ၄၀၀ ကျော်ကို ၃ လတာ ကာလအတွင်း ထုတ်လုပ်ဖြန့်ဝေခဲ့ပါသည်။

ဖော်ပြပါတို့သည် တနင်္သာရီတိုင်းဒေသကြီးမှ Dawei Watch နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ မုံရွာဂေဇက်တို့က MDIF ၏ MMP မှတဆင့် ထုတ်လုပ်ဖြန့်ဝေခဲ့သော PSA နမူနာနှစ်ခု ဖြစ်ပါသည်။ Dawei Watch ၏ PSA က ကပ်ရောဂါကာလအတွင်း ကွာရန်တင်းဝင်နေရသူများ စိတ်ပိုင်းဆိုင်ရာအတွက် ဘာတွေသတိပြုလိုက်နာရမလည်းဆိုသည့္ နည်းလမ်းကောင်းများကို ဖြန့်ဝေခဲ့ပြီး မုံရွာဂေဇက်၏ PSA က ကပ်ရောဂါကာလအတွင်း ရောဂါကင်းဝေးစွာ ခရီးသွားလာရန် နည်းလမ်းကောင်းများကို ဖြန့်ဝေခဲ့ပါသည်။

Image: Dawei Watch
Image: Monywa Gazette

MDIF ၏ ကိုဗစ်-၁၉ ဆိုင်ရာ PSA အစီအစဉ်၏ အကျိုးကျေးဇူး ၃ ရပ်

ပထမအကျိုးကျေးဇူး – မြန်မာနိုင်ငံအနှံ့အပြားရှိ ပြည်သူပြည်သားများအား ကိုဗစ်-၁၉ အကြောင်း မသိမဖြစ် အချက်အလက်များကို ဘာသာစကားအမျိုးမျိုးဖြင့် ရရှိစေသည် – ကိုဗစ်-၁၉ ဗိုင်းရပ်စ် ဆိုတာဘာလဲ၊ တုပ်ကွေးနဲ့ ဘာတွေ ကွာသလဲ၊ ရောဂါမကူးစက်အောင် ဘယ်လိုနေမလဲ အစရှိသည့် အချက်အလက်များလည်း ပါဝင်ပါသည်။ ယင်းသို့ အသိပညာပေးခြင်းဖြင့် မီဒီယာ၏ လူထုအကျိုးပြုအခန်းကဏ္ဍကို အတည်ပြုပေးသကဲ့သို့ အရေးပေါ်ကာလတွင် ရှင်းလင်းတိကျသော သတင်းအချက်အလက်များ ဖြန့်ဝေပေးရမည့် မီဒီယာ၏ တာဝန်ကို အများပြည်သူအား ပြန်လည်အမှတ်ရစေသည့်အပြင် ပြည်သူများကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်လုပ်ကိုင်နိုင်စေရန်လည်း အထောက်အကူပြုပါသည်။

“ကျွန်မတို့ ပရိတ်သတ်တွေအတွက် တကယ်အကျိုးရှိပါတယ်။ သတင်းအချက်အလက်တွေကို ရှမ်းဘာသာစကားအမျိုးမျိုးနဲ့ ပေးတာဆိုတော့ ကျေးလက်ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ သတင်းတွေကိုလည်း သိရှိနိုင်ကြပြီ ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်ရှိ တာချီလိတ်သတင်းအေဂျင်စီမှ အယ်ဒီတာချုပ် မချယ်ရီထိုက်က ရှင်းပြပါသည်။

PSA အစီအစဉ်က များပြားလှစွာသော လူထုထံ ရောက်ရှိနိုင်ခဲ့ပြီဖြစ်ပါသည်။ အစီအစဉ်၏ ပထမအဆင့်တွင် ပါဝင်သည့် မီဒီယာ ၁၀ ခု၏ အွန်လိုင်းပလက်ဖောင်းမှတဆင့် ကိုဗစ်-၁၉ ဆိုင်ရာ သတင်းစကားများကို ပြည်သူ ၁၁ သန်းခန့်က ရယူနိုင်ခဲ့ကြပါသည်။ ထို့အပြင် တီဗွီကြည့်ရှုသူ ၁၅ သန်းနှင့်သတင်းစာဂျာနယ်ဖတ်ရှုသူ ၇၀,၀၀၀ က သတင်းစကားများကို မြင်တွေ့ သို့မဟုတ် ဖတ်ရှုနိုင်ခဲ့ကြပါသည်။ ထို့ကြောင့် အားလုံးစုပေါင်းလိုက်ပါက PSA များသည် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူ ၂၆ သန်းထံ ရောက်ရှိသွားခဲ့ပါသည်။

ဒုတိယအကျိုးကျေးဇူး – ယခု PSA အစီအစဉ်ကြောင့် မီဒီယာများအနေဖြင့် ဝင်ငွေများလည်း ရှာဖွေနိုင်ခဲ့ပါသည်။ စီးပွားရေးကြော်ငြာရှင်များက မတ်လကတည်းကပင် ကပ်ရောဂါကြောင့် ၎င်းတို့၏ ဈေးကွက်မြှင့်တင်ရေး အစီအစဉ်များကို ရုတ်တရက် ဖျက်သိမ်းခဲ့ကြသည့်အလျောက် မီဒီယာများ၏ ကြော်ငြာမှရရှိသည့် ဝင်ငွေပိုင်း၌ အကြီးအကျယ် ကျဆင်းသွားခဲ့ပါသည်။ ယင်းသို့ လစ်ဟာသွားသည့်နေရာတွင် PSA များက အစားထိုး ဝင်ရောက်လာခဲ့ပါသည်။ ဇူလိုင်လတွင် ဖြန့်ချီခဲ့သော မြန်မာမီဒီယာများအပေါ် ကိုဗစ်-၁၉ ၏ သက်ရောက်မှုကို MDIF က သုတေသနပြု လေ့လာချက်အရ စစ်တမ်းဖြေဆိုသူ ၃၆ ဦးတွင် ၃၂ ဦးက ကြော်ငြာဝင်ငွေပိုင်း၌ ကျဆင်းသွားခဲ့သည်ကို ကြုံတွေ့ခဲ့ရပြီး ထက်ဝက်ခန့်က ၎င်းတို့၏ ဝင်ငွေ ၇၅% ကျဆင်းသွားသည်ကို တွေ့မြင်ခဲ့ရပါသည်။ ယင်းသို့ ဆုံးရှုံးမှုမျိုးက မည်သည့်မီဒီယာအတွက်မဆို ငွေကြေးစီမံရာ၌ အလွန်ကြီးမားလှသော စိမ်ခေါ်မှုဖြစ်လာမည် ဖြစ်ပါသည်။

PSA အစီအစဉ်သည် မီဒီယာမိတ်ဖက်အဖွဲ့အစည်းများ၏ ငွေကြေးစီးဆင်းမှုစီမံရာတွင် ကြုံတွေ့ရသည့် စိမ်ခေါ်မှုများအား သက်သာစေခြင်းဖြင့် ပံ့ပိုးကူညီမှုများကို အချိန်အခါကိုက် ကမ်းလှမ်းခဲ့ပါသည်။ မီဒီယာများစွာ အနေဖြင့် ဝန်ထမ်းလျှော့ချခြင်း၊ လစာလျှော့ချခြင်း အပါအဝင် အသုံးစရိတ်လျှော့ချမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ ယခုအစီအစဉ်မှတဆင့် MDIF က ၎င်း၏ မီဒီယာမိတ်ဖက်အဖွဲ့အစည်း ၁၀ ခု၏ ငွေကြေးစီးဆင်းမှုဆိုင်ရာ ဖိအားများလျှော့ချနိုင်ရန် ကြိုးပမ်းရာတွင် အထောက်အကူပေးသည့်အနေဖြင့် ယခုကဲ့သို့ အတိမ်းအစောင်းမခံသည့် အချိန်မျိုးတွင် ထောက်ပံ့ငွေများ ထုတ်ပေးခဲ့ပါသည်။ “PSA တွေ ထုတ်ပြီးတဲ့နောက်မှာ ကျွန်တော်တို့ရဲ့ ကြော်ငြာဝင်ငွေလည်း တက်လာတယ်” ဟု ဟားခါးပို့စ်၏ မန်နေဂျာဖြစ်သူ ကိုဇဘိုက်သောန် က ဆိုပါသည်။

PSA အစီအစဉ်ကို ဆောင်ရွက်ပုံမှာ မီဒီယာမိတ်ဖက်အဖွဲ့အစည်းများက ၎င်းတို့၏ PSA စိတ်ကူးများကို စုစည်းပြီးနောက် အဆိုပြုလွှာများကို MDIF မှ ကျွမ်းကျင်သူအစုအဖွဲ့ထံ ပေးပို့ကြရသည်။ ယင်းအစုအဖွဲ့တွင် MMP နည်းပြ ၂ ဦး၊ MDIF ၏ မြန်မာရုံးခွဲ အကြီးတန်းအရောင်းအကြံပေး (Myanmar Senior Sales Advisor) တို့ ပါဝင်သည်။ ကျွမ်းကျင်သူအစုအဖွဲ့က မီဒီယာများ ပြည့်မှီရမည့် စွမ်းဆောင်မှုပြ ပင်မညွှန်းကိန်းများ (KPI) – ဥပမာ PSA အသီးသီးအတွက် မျှော်မှန်းပရိတ်သတ်ဦးရေနှင့်ယင်းမျှော်မှန်းရလဒ်ပြည့်မှီစေရန် ဆောင်ရွက်မည့် နည်းလမ်းများ – အား ဦးတည်၍ အဆိုပြုလွှာများအပေါ် သုံးသပ်ချက်များပေးကြသည်။ နောက်တစ်ဆင့်တွင် အရေးအကြီးဆုံးဖြစ်ပါသည် – စေ့စပ်ညှိနှိုင်းခြင်း အဆင့်ဖြစ်ပါသည်။ ပုံမှန်ကြော်ငြာရှင်များကဲ့သို့ပင် MDIF က မီဒီယာများအား ဈေးလျှော့ပေးရန် တောင်းဆိုသည်။ ဤနည်းအားဖြင့် မိတ်ဖက်မီဒီယာများသည် ကြော်ငြာရှင်များနှင့် ဈေးနှုန်းညှိနှိုင်းသည့် အတွေ့အကြုံကောင်းများကို ရရှိသွားကြသည်။ ညှိနှိုင်းမှုများပြီးစီးသည်နှင့် မီဒီယာများက သဘောတူညီစာချုပ် ချုပ်ဆိုကြသည်။ ထို့နောက် စီးပွားရေးကြော်ငြာရှင်များနှင့် အလုပ်လုပ်သကဲ့သို့ပင် လစဉ်လကုန်ချိန်၌ PSA များကို ဖြန့်ဝေပြီးစီးကြောင်း အထောက်အထားများကို MDIF သို့ ပေးပို့ရသည် – ထုတ်လွှင့်ချိန်များ၊ အွန်လိုင်းပေါ်တွင် PSA ကို ကြည့်ရှုနိုင်မည့် လိပ်စာများ သို့မဟုတ် ပုံနှိပ်သတင်းစာစောင်များ။ မီဒီယာများက MDIF သို့ ငွေတောင်းခံလွှာကိုလည်း ပေးပို့ရသည်။ သဘောတူညီချက်များနှင့်အညီ ဆောင်ရွက်နိုင်ခဲ့မှသာ MDIF က ငွေထုတ်ပေးပါသည်။

PSA အစီအစဉ်သည် စီးပွားရေးနှင့်လက်တွေလုပ်ငန်းခွင်သင်တန်းမျိုးကို ဦးတည်ချက်ထားသဖြင့် MDIF ၏ စီးပွားရေးစွမ်းဆောင်ရည်မြှင့်တင်မှုအစီအစဉ်တွင် မရှိမဖြစ် နေရာမှ ပါဝင်နေပါသည်။ ပထမအဆင့်မှစတင်၍ MDIF က ယင်းအစီအစဉ်တွင် မီဒီယာပေါင်း ၁၇ ကို တိုးမြှင့်လက်ခံနိုင်ရန် တိုးချဲ့ဆောင်ရွက်ခဲ့သည်။ နောက်ထပ်တိုးချဲ့လာနိုင်ခြေလည်း ရှိပါသည်။ ဥပမာ မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် မိတ်ဖက်မီဒီယာများ၏ ပရိတ်သတ်များအတွက် ဆီလျော်မှုရှိသည့် လူထုအကျိုးပြုသတင်းအကြောင်းအရာများနှင့်သတင်းစကားများကို တင်ဆက်ပေးနိုင်စေရန် PSA အစီအစဉ်ကို ကိုဗစ်-၁၉ ကာလလွန်သည်အထိ MDIF က တိုးချဲ့သွားရန် စီစဉ်နေပါသည်။ ယင်းသို့တိုးချဲ့ခြင်းဖြင့် အရေးပါသော လူထုအကျိုးပြုသတင်းအချက်အလက်များအား ဆက်လက် ဖြန့်ဝေနိုင်စေမည်ဖြစ်ပြီး အစီအစဉ်တွင် ပါဝင်သည့်မီဒီယာများအနေဖြင့် ပရိတ်သတ်များ လိုအပ်နေသည့် သတင်းနှင့်အချက်အလက်များထုတ်လုပ်နိုင်ရာတွင် အထောက်အကူဖြစ်သည့် ဝင်ငွေကို ဆက်လက်ရှာဖွေနိုင်စေမည် ဖြစ်ပါသည်။ တစ်ပြိုင်တည်းမှာပင် လက်တွေ့နယ်ပယ်ရှိ စီးပွားရေးလုပ်ကိုင်ပုံကို သင်ယူနိုင်မည့်အပြင် အကြံဉာဏ်များလည်း ရရှိနိုင်မည် ဖြစ်ပါသည်။

အခြားအဖွဲ့အစည်းများကလည်း ယခုအစီအစဉ်ကို အတုယူလာနိုင်သည့် အလားအလာရှိပါသည်။ ထောက်ပံ့ငွေ ထုတ်ပေးရုံသက်သက်မဟုတ်ဘဲ အလှူရှင်များအနေဖြင့် ထောက်ပံ့မှုယန္တရားကို မီဒီယာများအတွက် စီးပွားရေးအခွင့်အလမ်းအဖြစ် ပြောင်းလဲ၍ အသုံးပြုနိုင်ပါသည်။ ကချင်ပြည်နယ်မှ မြစ်ကြီးနားသတင်းဂျာနယ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ကိုဘရန်မိုင်က “ဒီအစီအစဉ်မှာ ဝင်မပါခင်က လူထုအကျိုးပြု အသိပေးကြေညာချက်တွေကို ဖန်တီးထုတ်လုပ်ကြည့်ဖို့ မစဉ်းစားမိခဲ့ဘူး။ ကျွန်တော်တို့ရဲ့ သတင်းထုတ်လုပ်မှု အပိုင်းမှာ တိုးတက်လာတဲ့အပြင် ပရိတ်သတ်လည်း ပိုရလာတဲ့အပြင် ကပ်ဘေးကြီးကနေ လွတ်မြောက်ခဲ့ပြီး ဝင်ငွေရပေါက်ရလမ်းအမျိုးမျိုးကိုလည်း အသုံးပြုနိုင်ခဲ့ပါတယ်” ဟု ဆိုပါသည်။ မီဒီယာမိတ်ဖက်အဖွဲ့အစည်းများ အနေဖြင့် လုပ်ငန်းလည်ပတ်နိုင်ရန် လိုအပ်သောငွေကို ရရှိကြသကဲ့သို့ ၎င်းတို့၏ ပရိတ်သတ်များအနေဖြင့်လည်း ရှင်သန်တိုးတက်ရန် လိုအပ်သော သတင်းအချက်အလက်များကို ရရှိကြသဖြင့် နှစ်ဦးနှစ်ဘက် အကျိုးဖြစ်စေသော အနေအထားမျိုး ဖြစ်ပါသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးပျက်ကပ်က ကာလရှည်ကြာ ဆက်လက်ရှိနေနိုင်သည့်အလျှောက် စီးပွားရေးကြော်ငြာများ လောက်လောက်လားလား ပြန်လည်ရရှိလာရန်လည်း ကြာမြင့်နေဦးမည့် အနေအထားတွင် ရှိနေပါသည်။ PSA များသည် မီဒီယာများ၏ ရှင်သန်မှုနှင့်စီးပွားရေးတိုးတက်မှု နှစ်ခုစလုံးအတွက် အထောက်အကူပြုနိုင်သည့် အခြားရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်ပါသည်။

Tosca Santoso

Myanmar Media Program Business Coach