ကိုဗစ်-၁၉ ကပ်ရောဂါကနေ ကျွန်တော်တို့ ရလိုက်တဲ့ သင်ခန်းစာတစ်ခုကတော့ ဆက်ပြီးရပ်တည်နိုင်ဖို့ဆိုရင် စဉ်းစားတွေးခေါ်ပုံအသစ်တွေနဲ့လုပ်ပုံကိုင်ပုံအသစ်တွေကို ကျွန်တော်တို့အနေနဲ့ လက်ခံကျင့်သုံးဖို့လိုတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
မြစ်ကြီးနားသတင်းဂျာနယ်

စစ်တမ်းမိတ်ဆက်

၂၀၂၀ ခုနှစ်၊ ဇွန်လတွင် MDIF က ကိုဗစ်-၁၉ ကြောင့် မတ်လမှ မေလအတွင်း မြန်မာမီဒီယာအဖွဲ့အစည်း ၃၆ ခု ၏ လုပ်ငန်းများအပေါ် သက်ရောက်မှုကိုသိရှိနိုင်ရန် စစ်တမ်းကောက်ယူခဲ့ပါသည်။ စစ်တမ်းတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ဒေသတွင်းမီဒီယာများအပြင် ပြည်တွင်းမီဒီယာများလည်း ပါဝင်ခဲ့ပါသည်။ ယင်းမီဒီယာများသည် လုပ်ငန်းအရွယ်အစားအနေဖြင့် အမျိုးမျိုးရှိကြပါသည် - မီဒီယာ ၃ ခုတွင် ဝန်ထမ်းအင်အား ၇၀-၁၅၀ ဦး၊ မီဒီယာ ၇ ခုတွင် ဝန်ထမ်းအင်အား ၂၀-၆၉ ဦး နှင့် မီဒီယာ ၂၆ ခုတွင် ၁-၁၉ ဦး အသီးသီးရှိကြပါသည်။ စစ်တမ်းတွင် ပါဝင်ဖြေဆိုခဲ့သည့် မီဒီယာများ၏ အမည်နှင့်တည်နေရာပြမြေပုံကို ဤနေရာတွင် (https://www.mdif.org/mmp-survey/) ကလစ်နှိပ်၍ ကြည့်ရှုနိုင်ပါသည်။

စစ်တမ်းတွင်ပါဝင်သောမီဒီယာအားလုံးက ကိုဗစ်-၁၉ ၏ သက်ရောက်မှုကို ချက်ချင်းဆိုသလို ခံစားခဲ့ရကြောင်း ဖြေဆိုခဲ့ပါသည်။ အကြမ်းဖျဉ်းအားဖြင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ မီဒီယာများသည်လည်း အလားတူခံစားခဲ့ရသဖြင့် ဝင်ငွေကျဆင်းမှု အလွန်မြင့်မား သည်ကို မကြာမကြာ တွေ့ရှိရပြီး အံ့အားသင့်ဖွယ်မရှိပါ - စစ်တမ်းဖြေဆိုသူတစ်ဝက်က ဝင်ငွေ ၇၅% ကျော် ကျဆင်းသွားကြောင်း ဖြေဆိုခဲ့ပါသည်။ သို့သော်လည်း ယင်းပမာဏသည် MDIF နှင့်အတူ အလုပ်လုပ်နေသည့် ကမ္ဘာ့အခြားဒေသများရှိ မီဒီယာ ကုမ္ပဏီများကြုံတွေ့ခဲ့ရသည့် ပမာဏဖြစ်သော ၄၀-၆၀% ထက် များစွာကျော်လွန်နေပါသည်။

ကပ်ရောဂါမစတင်မီက ကြော်ငြာမှ ဝင်ငွေရရှိခဲ့ကြောင်း စစ်တမ်းတွင်ပါဝင်သော မီဒီယာ ၃၆ ခုအနက် ၃၂ ခုက ဖြေဆိုခဲ့ပြီး ဆိုးကျိုးများခံစားခဲ့ရကြောင်း အားလုံးက ဖြေဆိုခဲ့ပါသည်။ သတင်းစာထုတ်သည့် မီဒီယာ ၁၉ ခုလုံးက ပုံနှိပ်ဖြန့်ချီခြင်းကို လျှော့ချ သို့မဟုတ် ရပ်စဲသည်အထိပင် ပြုလုပ်ခဲ့ရပါသည်။

ဝင်ငွေများပြိုလဲကျဆင်းနေမှုကို တုံ့ပြန်သည့်အနေဖြင့် စစ်တမ်းဖြေဆိုသည့် မီဒီယာ ၃၆ ခုအနက် ၃၁ ခုက မတ်လမှ မေလအတွင်း လစာနှင့်ဝန်ထမ်းလျှော့ချခြင်း အပါအဝင် အသုံးစရိတ်ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ရပါသည်။

မြန်မာမီဒီယာများအနေဖြင့် စီးပွားရေးအရ သက်ရောက်မှုများကြောင့် ဒယီးဒယိုင်ဖြစ်နေချိန်မှာပင် ၎င်းတို့၏ လုပ်ငန်းနယ်ပယ်ကို လည်း လိုက်လျောညီထွေ လိုက်ပါပြောင်းလဲခဲ့ကြရပါသည်။ စစ်တမ်းပါ မီဒီယာအားလုံးက အိမ်မှအလုပ်လုပ်သည့် အလေ့အကျင့်ကို အလျင်အမြန် စတင်အကောင်အထည်ဖော်၍သော်လည်းကောင်း၊ ရုံးတွင် တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေစေသည့် စည်းကမ်းများ သတ်မှတ်၍ ဝန်ထမ်းများအတွက် အကာအကွယ်ပစ္စည်းများထားရှိပေး၍သော်လည်းကောင်း စီမံဆောင်ရွက်ခဲ့ကြပါသည်။

တစ်ချိန်တည်းမှာပင် မီဒီယာအားလုံး၏ ထက်ဝက်ကျော်က ဘေးကင်းလုံခြုံရေးတွင် စိမ်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဖြေကြားခဲ့ကြပါသည်။ ယင်းစိမ်ခေါ်မှုများတွင် အသွားအလာကန့်သတ်မှုများ၊ ဝက်ဘ်ဆိုက်ပိတ်ပင်ခံရမှုများ၊ အွန်လိုင်းနှင့် ပြင်ပတို့တွင် စောင့်ကြည့်ခံရမှုများ၊ ဝန်ထမ်းများအား ထိပါးနှောင့်ယှက်မှုများနှင့်ဖမ်းဆီးမှုများ ပါဝင်ပါသည်။

အခြားတိုင်းပြည်များရှိ မီဒီယာများကဲ့သို့ပင် မျှော်လင့်ချက်မဲ့နေသောအနေအထားတွင် ပရိတ်သတ်ပမာဏတိုးတက်လာခြင်းက တောက်ပသော အလင်းကွက်လေးတစ်ခုဖြစ်လာပါသည်။ မီဒီယာအားလုံးလိုလို၏ ဒစ်ဂျစ်တယ်ပရိတ်သတ်ဦးရေနှင့်ပရိတ်သတ်၏ စိတ်ဝင်တစားတုံ့ပြန်မှုတိုးတက်လာကြောင်း MDIF ၏ စစ်တမ်းတွင် တွေ့ရှိခဲ့ပါသည်။ ယင်းအနေအထားက မီဒီယာများအတွက် ကောင်းသောအကျိုးဆက်ဖြစ်စေခဲ့ပါသည်။ စစ်တမ်းပါ မီဒီယာ ၃၀ က ယင်းကာလအတွင်း၌ ၎င်းတို့၏ ဒစ်ဂျစ်တယ်ပိုင်း တင်ဆက်မှုများအပေါ် ပိုမိုဦးစားပေး၍ လုပ်ဆောင်ခဲ့သဖြင့် ဒစ်ဂျစ်တယ်ပိုင်း ကျွမ်းကျင်မှုနှင့်တတ်သိနားလည်မှုတို့ တိုးတက်လာကြောင်း ဖြေဆိုခဲ့ကြပါသည်။

စစ်တမ်းပြုလုပ်ချိန်အတွင်း အရေးပေါ်ထောက်ပံ့မှုရှာဖွေခဲ့ကြသည့် မီဒီယာ ၃၁ ခုအနက် ၂၁ ခုက ရရှိခဲ့ခြင်းက သတင်းကောင်း တစ်ခုဖြစ်ခဲ့သော်လည်း ကိုဗစ်-၁၉ ၏ သက်ရောက်မှုက နက်နဲလှပြီး ကာလရှည်ကြာမည်ဟူသော ပကတိအခြေအနေကြောင့် ပျက်ပြယ်ရပြန်ပါသည်။ မြန်မာနိုင်ငံရှိ မီဒီယာများ၏ အနာဂတ်က မရေရာလှပါ။

ကိုဗစ်-၁၉ သည် စစ်တမ်းဖြေဆိုသူများ အသုံးပြုနေသည့် မီဒီယာပလက်ဖောင်းအမျိုးအစားအပေါ် သက်ရောက်မှုက လျင်မြန်လှပါသည်။ စစ်တမ်းစကောက်သည့် မတ်လ ၁ ရက်နေ့တွင် ဖြေဆိုသည့်မီဒီယာများအနက် ၂၂ ခုက ပလက်ဖောင်းမျိုးစုံ အသုံးပြုသူများဖြစ်ကြပြီး ၁၄ ခုက ဒစ်ဂျစ်တယ်တစ်မျိုးတည်းကိုသာ အသုံးပြကြပါသည်။ စစ်တမ်းကောက်ယူမှုပြီးဆုံးသည့် မေလ ၃၁ ရက်နေ့အရောက်တွင် ပလက်ဖောင်းမျိုးစုံအသုံးပြုသည့်မီဒီယာအရေအတွက်က ၁၄ ခုအထိ ကျဆင်းသွားပြီး ဒစ်ဂျစ်တယ် အသုံးပြုသည့် မီဒီယာအရေအတွက်က ၂၂ ခု အထိ တိုးတက်လာပါသည်။ ယင်းသို့ဖြစ်ရခြင်းမှာ မီဒီယာ ၆ ခု၏ ပုံနှိပ်သတင်းစာများကို ယာယီရပ်ဆိုင်းခဲ့ရခြင်းနှင့် မီဒီယာ ၂ ခုက လုပ်ငန်းများ အပြီးတိုင် ရပ်စဲသွားခြင်းကြောင့် ဖြစ်ပါသည်။

မေလကုန်ဆုံးချိန်တွင် MDIF ၏ စစ်တမ်းကို ဖြေဆိုသည့် မီဒီယာ ၃၆ ခုအနက် သုံးပုံနှစ်ပုံက ၎င်းတို့အနေဖြင့် အသုံးစရိတ်ကို လျှော့ချနိုင်မှသာ သို့မဟုတ် ဝင်ငွေတိုးတက်ရရှိမှသာ နောက်ထပ် ၃ လအထိ ဆက်လက်ရပ်တည်နိုင်မည်ဟု ခန့်မှန်းပြောဆိုခဲ့ကြပါသည်။ စစ်တမ်းပါ မီဒီယာလေးပုံတစ်ပုံက ၂၀၂၀ ခုနှစ်မကုန်ဆုံးမီ ရပ်တည်မှုအတွက် ၎င်းတို့လုပ်ငန်းများအား ထပ်မံချုံ့ရန် လိုအပ်လာမည်ဟု မှန်းဆခဲ့ကြပါသည်။

စစ်တမ်း၏ အဓိကတွေ့ရှိချက်များ

အရောင်းမှရသောဝင်ငွေ - စစ်တမ်းတွင် ပါဝင်ခဲ့သော မီဒီယာ ၃၆ ခုအနက် ၃၅ ခုက ကိုဗစ်-၁၉ မတိုင်မီက အရောင်းမှဝင်ငွေများ ရရှိနေခဲ့ကြပါသည်။ ကပ်ရောဂါဆိုးကြောင့် အရောင်းဝင်ငွေကျဆင်းမှုကို အားလုံးရင်ဆိုင်ခဲ့ကြရပြီး ထက်ဝက်ခန့်အတွက်မူ ဝင်ငွေ ကျဆင်းမှုမှာ ၇၅% ကျော်အထိရှိခဲ့ကြပါသည်။ အခြားမီဒီယာ ၅ ခုတွင် အရောင်းဝင်ငွေ ၅၀-၇၅% အထိ ကျဆင်းခဲ့ပြီး အခြားမီဒီယာ ၆ ခုတွင် ၂၅-၅၀% အထိ ဝင်ငွေကျဆင်းမှုကို ကြုံတွေ့ခဲ့ရပါသည်။

ကြော်ငြာ - ယေဘုယျအားဖြင့် ကြော်ငြာမှရသောဝင်ငွေသည် မီဒီယာတစ်ခု၏ အဓိကဝင်ငွေ ဖြစ်ပါသည်။ စစ်တမ်းပါ မီဒီယာ ၃၆ ခု အနက် ၃၂ ခုသည် ကိုဗစ်-၁၉ မတိုင်မီက ကြော်ငြာဝင်ငွေကို ရရှိနေခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဝင်ငွေကျဆင်းမှုနှင့် ကြုံတွေ့ ခဲ့ကြရပါသည် - မြန်မာနိုင်ငံတွင် ပထမဆုံးရောဂါကူးစက်ခံရသူများကို တရားဝင်ကြေညာခြင်းမပြုမီမှာပင် မီဒီယာ ၁၁ ခုက အရှုံးနှင့် စောစီးစွာ ရင်ဆိုင်ခဲ့ကြရပါသည်။

အသုံးစရိတ်လျှော့ချခြင်း - မီဒီယာ ၃၆ ခုအနက် ၃၂ ခုတွင် မတ်လမှ မေလကြား ကာလအတွင်း အသုံးစရိတ်လျှော့ချမှုများကို ကျယ်ပြန့်စွာ လုပ်ဆောင်ခဲ့ကြပါသည်။ မီဒီယာ ၁၃ ခုတွင် လစာများလျှော့ချခဲ့သည်။ ၈ ခုတွင် ဝန်ထမ်းဦးရေ လျှော့ချခဲ့သည်။ ၈ ခုတွင် ပြင်ပမှ သတင်းအတွက် အသုံးစရိတ်များကို လျှော့ချခဲ့ပါသည်။ မီဒီယာ ၃၆ ခုအနက် ၂၁ ခုက ဇွန်လမှ ဩဂုတ်လကြား ကာလအတွင်း ဖြတ်တောက်လျှော့ချမှုများ ထပ်မံလုပ်ဆောင်ရဖွယ်ရှိသည်ဟု ဆိုပါသည်။ မီဒီယာ ၁၅ ခုက ယင်းကာလအတွက် ဖြတ်တောက်မှုများထပ်မံလုပ်ဆောင်ရန် အစီအစဉ်မရှိဟု ဆိုပါသည်။ ယင်းသို့အစီအစဉ်မရှိရခြင်းမှာ ရှိရင်းစွဲ ကာလရှည် အထောက်အပံ့များကြောင့်သော်လည်းကောင်း၊ ဖြစ်နိုင်သကဲ့သို့ ကာလတို အရေးပေါ်အထောက်အပံ့များ ရရှိထား၍ သော်လည်းကောင်း၊ နှစ်ခုလုံးကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါသည်။ ယင်းအထောက်အပံ့များသည် အရောင်းမှရရှိသော ဝင်ငွေဆုံးရှုံးရခြင်းအား သက်သာရာရစေသည့် အရေးပါသော ကြားခံအဖြစ် ရှိနေပါသည်။ အချို့မီဒီယာများတွင် ရင်းနှီးမြှုပ်နှံမှုများ နှင့်/သို့မဟုတ် အလှူငွေများအပြင် အခြားသော စီးပွားရေးလုပ်ငန်းမှ သို့မဟုတ် ကိုယ်ပိုင်ဝင်ငွေများလည်း ရှိကောင်းရှိနိုင်ပါသည်။

ပရိတ်သတ်၏ စိတ်ဝင်တစားတုံ့ပြန်မှု - ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပေါ်နေသကဲ့သို့ပင် မီဒီယာ ၃၆ ခုအနက် ၂၇ ခုက ၎င်းတို့၏ အွန်လိုင်းနှင့် အခြားမှ ပရိတ်သတ်များ၏ စိတ်ဝင်တစားတုံ့ပြန်မှုကို ပိုမိုရရှိလာခဲ့ကြပါသည်။ အခြားဈေးကွက်အများအပြားတွင်မူ ကိုဗစ်-၁၉ သတင်းများအပေါ် ရိုးအီသွားခြင်းနှင့်အတူ ယင်းသို့ပရိတ်သတ်တိုးများလာခြင်းကို ယာယီမျှသာ ကြုံတွေ့ကြရပါသည်။

ပုံနှိပ်မီဒီယာ - စစ်တမ်းကောက်ယူမှုစတင်ခဲ့သည့် မတ်လ ၁ ရက်နေ့တွင် မီဒီယာ ၃၆ ခုအနက် ၁၉ ခုက သတင်းစာများ ထုတ်ဝေဆဲ ဖြစ်သော်လည်း စစ်တမ်းကောက်ယူမှုပြီးဆုံးချိန်ဖြစ်သော မေလ ၃၁ ရက်နေ့အရောက်တွင် မီဒီယာ ၈ ခုက ပုံနှိပ်ထုတ်ဝေခြင်းကို ခေတ္တ (မီဒီယာ ၆ ခု) သို့မဟုတ် အပြီးတိုင် (မီဒီယာ ၂ ခု) ရပ်စဲခဲ့ပါသည်။ လည်ပတ်နေဆဲ ပုံနှိပ်မီဒီယာ ၁၁ ခုလုံး၏ စောင်ရေတွင်လည်း ၁၀-၅၀% အထိ လျော့ကျသွားခဲ့ပါသည်။

အလှူရှင်၏ ထောက်ပံ့မှု - စစ်တမ်းတွင်ပါဝင်ခဲ့သော မီဒီယာ ၃၆ ခုအနက် ၃၀ က မတ်လမှ မေလ ကာလအတွင်း ထောက်ပံ့ငွေ ရရှိနေခဲ့ပါသည်။ မီဒီယာ ၂၉ ခုက ကိုဗစ်-၁၉ နှင့်ဆက်စပ်၍ ကာလတို အရေးပေါ်ထောက်ပံ့မှုများ ရရှိခဲ့ပါသည်။ မီဒီယာ ၂၃ ခုက ကပ်ရောဂါစတင်မဖြစ်ပွားမီက ရရှိထားသော ကာလရှည်အထောက်အပံ့များကို ရရှိခဲ့ကြပါသည်။

ရှေ့သို့မျှော်ကြည့်ခြင်း - မီဒီယာ ၃၆ ခုအနက် ၁၄ ခုက ၂၀၂၀ ခုနှစ် မကုန်မီ ၎င်းတို့၏ လုပ်ငန်းများကို လျှော့ချရနိုင်သည်ဟု ခန့်မှန်းထားကြပါသည်။ မီဒီယာ ၅ ခုက နှစ်မကုန်မီ ပလက်ဖောင်းအမျိုးမျိုးသုံးသည့် မီဒီယာမှ အွန်လိုင်းသီးသန့် မီဒီယာအဖြစ် ပြောင်းလဲရမည်ဟု ခန့်မှန်းထားကြပါသည်။ မီဒီယာ ၁၂ ခုကမူ ၂၀၂၀ ခုနှစ်မကုန်ဆုံးမီ ၎င်းတို့၏ လုပ်ငန်းများတွင် နောက်ထပ်အပြောင်းအလဲများပြုလုပ်ရန် လိုအပ်မည်မဟုတ်ဟု ခန့်မှန်းထားကြပါသည်။

စစ်တမ်းကောက်ယူရာတွင် အသုံးပြုသည့်နည်းစနစ်နှင့်စစ်တမ်းဖြေဆိုသူများ

ကိုဗစ်-၁၉ အပေါ် မြန်မာမီဒီယာများ၏ တုံ့ပြန်ပုံအား စစ်တမ်းကောက်ယူရန် ပုဂ္ဂလိကပိုင် မီဒီယာအဖွဲ့အစည်း ၃၆ ခုမှ ကိုယ်စားလှယ်တစ်ဦးနှင့်အထက်ကို MDIF က အင်တာဗျူးများ ပြုလုပ်ခဲ့ပါသည်။

အင်တာဗျူးများကို ၂၀၂၀ ခုနှစ် ဇွန်လ ၁ ရက်မှ ၂၄ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။ အင်တာဗျူးဖြေဆိုသူများမှာ ရန်ကုန်အခြေစိုက် ပြည်တွင်းမီဒီယာ ၁၀ ခု၊ တိုင်းဒေသကြီး ၇ ခုအနက် ၅ ရှိ မီဒီယာ ၈ ခု၊ ပြည်နယ် ၇ ခုရှိ မီဒီယာ ၁၈ ခုတို့မှ အကြီးတန်းတာဝန်ရှိသူများ ဖြစ်ပါသည်။

စစ်တမ်းတွင်ပါဝင်သော မီဒီယာအားလုံးသည် သတင်း၊ အချက်အလက်နှင့်စုံစမ်းဖော်ထုတ်မှုများကို ထုတ်ဝေနေသည့် ပုဂ္ဂလိကပိုင် မီဒီယာအဖွဲ့အစည်းများဖြစ်ကြပြီး စစ်တမ်းကာလအစ (၂၀၂၀ ခုနှစ် မတ်လ ၁ ရက်) တွင် လုပ်ငန်းများ လည်ပတ်နေဆဲ ဖြစ်ပါသည်။ စစ်တမ်းကောက်ရာတွင် အွန်လိုင်းစစ်တမ်းပုံစံပေး၍ ဖြေဆိုစေခြင်းမဟုတ်ဘဲ နားလည်သဘောပေါက်မှုနှင့်တိကျမှု အမြင့်မားဆုံးဖြစ်စေရန် တစ်ဦးချင်းအား ဇွန်း (Zoom) သို့မဟုတ် တယ်လီဖုန်းဖြင့် MDIF က အင်တာဗျူးများ ပြုလုပ်ခဲ့ပါသည်။ စစ်တမ်းတိုင်း၏ သဘာဝအတိုင်းပင် မေးခွန်းများကို ရှင်းလင်းတိကျစွာ အဖြေပေးရန်မှာ ပါဝင်ဖြေဆိုသူများ၏ တာဝန်ဖြစ်ပါသည်။ MDIF ကလည်း အဖြေများ၏ တိကျမှန်ကန်မှုကို စိစစ်အတည်ပြုခြင်း၊ တန်ပြန်စိစစ်ခြင်းတို့ကို အစွမ်းကုန် ပြုလုပ်ခဲ့ပါသည်။

ယခုစစ်တမ်းသည် မြန်မာနိုင်ငံရှိမီဒီယာအားလုံးကို ကိုယ်စားပြုနိုင်သည်ဟု မဆိုနိုင်သော်လည်း ၂၀၂၀ ခုနှစ် ဇွန်လ၌ တိုင်းပြည်၏ နေရာဒေသအနှံ့အပြားရှိ ပုဂ္ဂလိကပိုင်မီဒီယာအချို့အပေါ် ကိုဗစ်-၁၉ ၏ သက်ရောက်မှုအခြေအနေကို တစ်စေ့တစ်စောင်း တွေ့မြင်ရမည်ဖြစ်ပါသည်။

စစ်တမ်းဖြေဆိုသူစာရင်း (အက္ခရာစဉ်အရ)

မီဒီယာအမျိုးအစား

ပြည်တွင်းမီဒီယာ - ဖြေဆိုသူ ၁၀ ဦး

တိုင်းရင်းသားပြည်နယ်များမှ မီဒီယာများ - ဖြေဆိုသူ ၁၈ ဦး

တိုင်းဒေသကြီးများမှ မီဒီယာများ - ဖြေဆိုသူ ၈ ဦး

မီဒီယာအရွယ်အစား

မီဒီယာကြီး ၄ ခု - ဝန်ထမ်းဦးရေ ၇၀-၁၅၀ (အားလုံး ပြည်တွင်းမီဒီယာများ ဖြစ်ကြသည်)

အလယ်အလတ်အရွယ်အစားရှိသော မီဒီယာ ၇ ခု - ဝန်ထမ်းဦးရေ ၂၀-၆၉ (ပြည်တွင်းမီဒီယာ ၄ ခုနှင့် တိုင်းရင်းသားပြည်နယ်များမှ မီဒီယာ ၃ ခု)

မီဒီယာငယ် ၂၅ ခု - ဝန်ထမ်းဦးရေ ၁-၁၉ (ပြည်တွင်းမီဒီယာ ၂ ခုနှင့် တိုင်းရင်းသားပြည်နယ်များမှ မီဒီယာ ၁၅ ခု၊ တိုင်းဒေသကြီးများမှ မီဒီယာ ၈ ခု)

စစ်တမ်းဖြေဆိုသူများ

7Day - ရန်ကုန်

ဧရာဝတီတိုင်းမ် - ဧရာဝတီတိုင်းဒေသကြီး

Chin World Media - ချင်းပြည်နယ်

Chinland Herald - ချင်းပြည်နယ်

Dawei Watch - တနင်္သာရီတိုင်းဒေသကြီး

Delta News Agency - ဧရာဝတီတိုင်းဒေသကြီး

Development Media Group - ရခိုင်ပြည်နယ်

DVB Multimedia Group - ရန်ကုန်

Frontier Myanmar – ရန်ကုန်

iVision – ချင်းပြည်နယ်

Kachin News Group - ကချင်ပြည်နယ်

The Kachin Times/The 74 Media – ကချင်ပြည်နယ်

ကန္တာရဝတီတိုင်းမ် - ကယားပြည်နယ်

Karen Information Center – ကရင်ပြည်နယ်

Khonumthung Media Group – ချင်းပြည်နယ်

မကွေးဂျာနယ် - မကွေးတိုင်းဒေသကြီး

Mandalay Indepth News – မန္တလေးတိုင်းဒေသကြီး

မော်ကွန်းမဂ္ဂဇင်း - ရန်ကုန်

Mizzima News - ရန်ကုန်

မော်ဒန်နှင့်ကုမုဒြာ - ရန်ကုန်

မွန်သတင်းအေဂျင်စီ - မွန်ပြည်နယ်

မုံရွာဂေဇက် - စစ်ကိုင်းတိုင်းဒေသကြီး

Myanmar Now – ရန်ကုန်

မြစ်ကြီးနားသတင်းဂျာနယ် - ကချင်ပြည်နယ်

ရှမ်းသံတော်ဆင့်သတင်းအေဂျင်စီ - ရှမ်းပြည်နယ်

ရွှေဖီမြေသတင်းအေဂျင်စီ - ရှမ်းပြည်နယ်

တာချီလိတ်သတင်းအေဂျင်စီ - ရှမ်းပြည်နယ်

သံလွင်တိုင်းမ် - မွန်ပြည်နယ်

The Chinland Post – ချင်းပြည်နယ်

The Hakha Post – ချင်းပြည်နယ်

The Irrawaddy – ရန်ကုန်

မကွေးပို့စ် - မကွေးတိုင်းဒေသကြီး

The Voice Daily – ရန်ကုန်

The Voice Journal – ရန်ကုန်

Voice of Myanmar – မန္တလေးတိုင်းဒေသကြီး

Zalen Media - ချင်းပြည်နယ်

ရဲနိုင်မိုး - သတင်းခန်းအပေါ် ကိုဗစ်-၁၉ ၏ သက်ရောက်မှုကို ကိုယ်တိုင်တွေ့မြင်ရခြင်း

ဧပြီလရဲ့ တစ်မနက် အစောပိုင်းမှာ ရန်ကုန်အခြေစိုက် သတင်းစာကြီးတစ်စောင်မှာ စီးပွားရေးသတင်းထောက်လုပ်ခဲ့ဖူးတဲ့ ကျွန်တော့်ရဲ့ တပည့်တစ်ယောက် ဖုန်းဆက်လာပါတယ်။ ကိုဗစ်-၁၉ ကြောင့် သတင်းခန်းတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိတယ်ဆိုတဲ့ သတင်းဆောင်းပါးအတွက် ကျွန်တော့်ကို အင်တာဗျူးလုပ်ချင်တာပါ။ ကျွန်တော်တို့ ဖုန်းပေါ်မှာ စကားပြောဖြစ်ခဲ့ပါတယ်။ နောက်နေ့မှာတော့ သူ့သတင်းစာထဲမှာ သူ့သတင်းဆောင်းပါး ပါလာပါတယ်။ ခေါင်းစဉ်ကို ခုထိ ကျွန်တော်မှတ်မိနေပါသေးတယ် - ကိုဗစ်-၁၉ ဖြစ်နေချိန်မှာ မြန်မာမီဒီယာတွေ ပြိုလဲသွားမှာလား။ အဲ့နေ့က ဧပြီလ ၂၃ ရက်နေ့ပါ။ အဲ့နေ့မှာပဲ သူ အပါအဝင် ဒါဇင်နဲ့ချီတဲ့ ဝန်ထမ်းတွေကို လျှော့ချလိုက်ကြောင်း သူ့သတင်းစာတိုက်ရဲ့ စီမံရေးရာက ပေးတဲ့စာကို သူလက်ခံ ရရှိခဲ့ပါတယ်။

သတင်းခန်းအပေါ် ကိုဗစ်-၁၉ ရဲ့ သက်ရောက်မှုက “ကပ်ရောဂါထဲက ကပ်ရောဂါ” တစ်ခုလို ဖြစ်နေပါပြီ။ ဒီလိုဖြစ်တာ မြန်မာပြည်တစ်ခုထဲမှာတော့ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးက သတင်းခန်းတွေမှာလည်း ဗြောင်းဆန်လို့ နေပါပြီ။

သို့ပေမယ့်လည်း မြန်မာပြည်ကတော့ တမူထူးခြားဆဲပါပဲ။ ဒုက္ခတွေနဲ့ တိုင်းပြည်ကြီးကတော့ အသွင်ကူးပြောင်းနေရင်း များပြားလှတဲ့ စိမ်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ် - မပြီးပြတ်သေးတဲ့ ပြည်တွင်းစစ်၊ လူမျိုးစုအကွဲအပြဲ၊ ထကြွနေဆဲ အကျင့်ပျက်ခြစားမှု၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အလုပ်လက်မဲ့ပြဿနာ၊ သယံဇာတကျိမ်စာ၊ ဆင်းရဲမွဲတေမှု အစရှိသဖြင့်။ ပြည်တွင်းက သတင်းဌာနတွေ တင်ဆက်နေရတဲ့ သတင်းတွေက အလွန်ပဲ များပြားလှပါတယ်။ ကိုဗစ်-၁၉ ရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လွတ်လပ်တဲ့မီဒီယာတွေကို အရင်ကထက် ပိုပြီး လိုအပ်လို့ နေပါတယ်။

ဒါပေမယ့် ကပ်ရောဂါကြီးဟာ ပြည်တွင်းက လွတ်လပ်တဲ့သတင်းခန်းတွေရဲ့ ရပ်တည်မှုကို ကိုင်လှုပ်လိုက်ပြီ ဖြစ်ပါတယ်။

ပုံနှိပ်မီဒီယာတွေကတော့ ထိခိုက်မှုကို အဆိုးဆုံးခံစားခဲ့ရပါတယ်။ ကိုဗစ်-၁၉ အား မြန်မာမီဒီယာများ၏ တုံ့ပြန်ပုံ ဆိုတဲ့ MDIF က ကောက်တဲ့ စစ်တမ်းအရ ကပ်ရောဂါကြီးကြောင့် မီဒီယာ အတော်များများဟာ သူတို့ရဲ့ ပုံနှိပ်သတင်းစာထုတ်ဝေတာကို အနည်းဆုံး ယာယီတော့ ရပ်စဲလိုက်ရတာကို တွေ့ရပါတယ်။ သူ့ သတင်းစာအတွက် စာရေးပေးဖို့ ကျွန်တော့်ကို ခဏခဏ ပြောတတ်တဲ့ အယ်ဒီတာတစ်ယောက်က “ကျွန်တော်ဆီမှာ စာရေးမယ်ဆိုရင် အခုရေးနော်။ နောင်က ဘာဖြစ်မယ်မှန်း သိတာမဟုတ်ဘူး။” လို့ ကျွန်တော့်ကို တီးတိုးပြောသွားပါသေးတယ်။

အိမ်က ထမင်းစားစားပွဲမှာ ကွန်ပျူတာသုံးနေရင်း ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် သတင်းသမားတွေရဲ့ ဘဝတွေနဲ့ သူတို့ချစ်မြတ်နိုးတဲ့ အလုပ်အကိုင်တွေကို ဒီကပ်ရောဂါကြီးက ပြောင်းလဲပစ်လိုက်တာတွေ မျက်ဝါးထင်ထင် တွေ့မြင်နေရပါတယ်။

အများလေးစားတာခံရတဲ့ ကျွန်တော့်သူငယ်ချင်း အယ်ဒီတာတစ်ယောက်က ကိုဗစ်-၁၉ ကြောင့် ဝန်ထမ်းလျှော့ရာမှာ ပါသွားလို့ မကြာခင်က သတင်းခန်းကနေ ထွက်လိုက်ရပါတယ်။ အွန်လိုင်းကနေ အစားအသောက်ရောင်းနေပြီလို့ ဖေ့စ်ဘွတ်မှာ ရေးတင်ထားပါတယ်။ သူ ချက်ပြုတ်နေတဲ့ပုံတွေတင်ပြီး ငါးခြောက်၊ ပုဇွန်ခြောက်နဲ့ငါးပိတွေ ရောင်းနေပါတယ်။ အိမ်တိုင်ရာရောက် အမြန်ဆုံး ပို့ပေးပါတယ် လို့ ကြော်ငြာထားပါတယ်။ အတွေ့အကြုံရင့်တဲ့ နောက်အယ်ဒီတာတစ်ယောက်ကလည်း အုံးထမင်းနဲ့ ကြက်သားဟင်းချက်နေတဲ့ပုံတွေကို ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါတယ်။ အိမ်တိုင်ရာရောက် အချိန်မီ ပို့ပေးပါ့မယ်လို့ အာမခံချက် ပေးထားပြန်ပါတယ်။ ဂျယ်လီတုံးလေးတွေကိုလည်း အပိုဆောင်း လက်ဆောင်အနေနဲ့ သူက ထည့်ပေးပါသေးတယ်။

သူတို့ရင်ထဲက နာကျင်မှုကို ကျွန်တော် ခံစားကြည့်လို့ရပါတယ်။ ကျွန်တော်တို့ခေတ်ရဲ့ အကြီးကျယ်ဆုံးသတင်းကြီး ဖြစ်နေတဲ့အချိန်မှာ သူတို့ရဲ့ သတင်းခန်းနဲ့ ဝေးရာကိုရောက်နေ ရှာပါတယ်။ သတင်းခန်းမှာ သူတို့ရှိမနေကြတာ သူတို့မှာ ပရိတ်သတ်တွေ မရှိတော့လို့ မဟုတ်ပါဘူး။ ပြောပြရင် မီဒီယာအတော်များများမှာ ပရိတ်သတ်တွေ တိုးလာပါတယ်။ တကယ်တော့ သူတို့ရဲ့ ရပ်တည်မှုက တစ်ခြားအကြောင်းကြောင့် ဖြစ်နေပါတယ်။

MDIF ကဲ့သို့သော အဖွဲ့အစည်းတွေဆီက အထောက်အပံ့တွေက မြန်မာမီဒီယာအဖွဲ့အစည်းတွေအတွက် ကြီးမားတဲ့ အကူအညီတွေ ဖြစ်လာပါတယ်။ ဝင်ငွေကောင်းတဲ့စီးပွားရေးပုံစံတစ်ခုကို တည်ဆောက်နိုင်မှ ဒေသခံသတင်းသမားတွေ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

မီဒီယာတွေ ရုံးကန်နေရချိန်မှာပင် အထွေထွေရွေးကောက်ပွဲတွေကလည်း နီးကပ်လို့လာနေပြီ ဖြစ်ပါတယ်။

မြန်မာသတင်းစာတွေ အသက်ဆက်ဖို့ အသက်ရှုစက်တွေ တင်ပေးမှ ရပါတော့မယ်။

ရဲနိုင်မိုး သည် ရန်ကုန်သတင်းစာပညာကျောင်း၏ တည်ထောင်သူနှင့်သင်တန်းနည်းပြချုပ်လည်း ဖြစ်ပါသည်။

ကိုဗစ်-၁၉ ၏ သက်ရောက်မှု

မြန်မာနိုင်ငံတွင် ပထမဆုံးကိုဗစ်ဖြစ်ပွားမှုများကို မတ်လ ၂၃ ရက်နေ့တွင် တရားဝင်ကြေညာခဲ့ပါသည်။ ဖြစ်ပွားစ နေ့ရက်များတွင် မည်သည့်စည်းကမ်းများကို လိုက်နာရမည် သို့မဟုတ် မီဒီယာများအပါအဝင် လူထုအနေဖြင့် မည်သည့်အရာများကို လုပ်ဆောင်ရမည် သို့မဟုတ် လုပ်ဆောင်၍ရသည်ကို ရံဖန်ရံခါ ရှင်းလင်းစွာ မသိရှိခဲ့ကြပါ။ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကာလ ဖြစ်သော ဧပြီလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ အသွားအလာကန့်သတ်မှုချမှတ်၍ တင်းကြပ်စွာ လိုက်နာစေခဲ့ပါသည်။ ဧပြီလကုန်ပိုင်းမှ မေလကုန်အထိ ကန့်သတ်မှုများကို နေရာဒေသအလိုက် အချိန်များခွဲ၍ တဖြည်းဖြည်း လျှော့ချပေးခဲ့ပါသည်။ ဇွန်လ ၁ ရက်နေ့တွင် ရန်ကုန်၊ မန္တလေး၊ မြို့တော်နေပြည်တော်နှင့် တိုင်းရင်းသားပြည်နယ် ၇ ခုနှင့် တိုင်းဒေသကြီး ၇ ခုတို့ရှိ မြို့ကြီးအချို့မှ ကုမ္ပဏီများ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များက လုပ်ငန်းများ ပြန်လည်စတင်ဖွင့်လှစ်ခဲ့ကြပါသည်။

ဇူလိုင်လ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ နှင့်ဆက်စပ်၍ သေဆုံးသူဦးရေ ၆ ဦးနှင့် အတည်ပြုလူနာ ၃၂၆ ဦး ရှိခဲ့ပါသည်။ ယခုအစီရင်ခံစာကို ထုတ်ပြန်ချိန်တွင် နိုင်ငံတကာလေဆိပ်ကို ပိတ်ထားဆဲဖြစ်ပြီး ပြည်တော်ပြန် မြန်မာနိုင်ငံသားတိုင်း ၃ ပတ်တာ အသွားအလာကန့်သတ်မှုကို လိုက်နာကြရပါသည်။

ဇွန်လ ၁၅ ရက်နေ့ထုတ် အာရှဖောင်ဒေးရှင်း၏ အစီရင်ခံစာအရ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံတွင် ကုမ္ပဏီ သုံးပုံတစ်ပုံခန့် ယာယီ ပိတ်ခဲ့ရပါသည်။ ဇွန်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးအခြေအနေကို လေ့လာစောင့်ကြည့်ခြင်း - ကိုဗစ်-၁၉ ကာလ မြန်မာနိုင်ငံ အစီရင်ခံစာတွင် ကိုဗစ်-၁၉ ကြောင့် ယခုဘဏ္ဍာရေးနှစ်အတွင်း၌ တိုင်းပြည်၏ စီးပွားရေးတိုးတက်မှုနှုန်းက ၆.၈% မှ ၀.၅% အထိ ကျဆင်းသွားနိုင်သည်ဟု ခန့်မှန်းထားပါသည်။

အရင်ကတော့ ကျွန်မတို့ရဲ့ ပုံနှိပ်မီဒီယာမှာ အနာဂတ်ရှိနေဆဲလို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် ကိုဗစ်-၁၉ ကနေ ရလိုက်တဲ့ သင်ခန်းစာအရတော့ သိပ်ကြာကြာခံမယ့်ပုံ မပေါ်ပါဘူး။
ကရင်သတင်းဌာန (Karen Information Center)

မြန်မာမီဒီယာများအပေါ် ကိုဗစ်-၁၉ ၏ သက်ရောက်မှုက ပြင်းထန်ပြီး မြန်ဆန်လှပါသည်။ ကပ်ရောဂါစဖြစ်ပြီး ပထမ ၃ လအတွင်း စစ်တမ်းဖြေဆိုသည့် မီဒီယာ ၃၆ ခုအနက် ၃၅ ခုတွင် အရောင်းမှရသော ဝင်ငွေလျော့ကျမှုကို ကြုံတွေ့ခဲ့ရပါသည်။ မီဒီယာတစ်ခုကမူ ကပ်ရောဂါမဖြစ်မီပင် ယင်းဝင်ငွေမျိုး မရှိခဲ့သဖြင့် ဆုံးရှုံးမှုမရှိခဲ့ခြင်း ဖြစ်ပါသည်။ မီဒီယာ ၈ ခုတွင် ဝန်ထမ်းများ လျှော့ချခဲ့ရပါသည်။ ပုံနှိပ်သတင်းစာထုတ်ဝေသည့် မီဒီယာ ၁၉ ခုလုံးတွင် စောင်ရေလျှော့ချခြင်း သို့မဟုတ် ထုတ်ဝေမှုကို ယာယီ သို့မဟုတ် အပြီးတိုင် ရပ်စဲခြင်းများ ပြုလုပ်ခဲ့ရပါသည်။ မီဒီယာ ၂၀ ခုက ၎င်းတို့သတင်းခန်းများ၏ သတင်းထုတ်လုပ်မှု ကျဆင်းသွားခဲ့ကြောင်း ဖြေကြားခဲ့ကြပြီး ယင်းကာလအတွင်း မီဒီယာ ၁၇ ခု၏ သတင်းရေးသားထုတ်လုပ်မှု ပိုမိုနည်းပါးခဲ့ပါသည်။

ယင်းသို့အခြေအနေများ ဆိုးဝါးနေချိန်တွင် ကောင်းသောရလဒ်တစ်ခုအဖြစ် ဒစ်ဂျစ်တယ်ပိုင်း၌ ပရိတ်သတ်ပမာဏ တိုးလာသည်ကို မီဒီယာ ၃၂ ခုက ကြုံတွေ့ခဲ့ပါသည်။ ပရိတ်သတ်ဦးရေတိုးလာသဖြင့် သတင်းနှင့်အချက်အလက်များကို လူထုအကြား ပိုမိုဖြန့်ဝေပေးနိုင်ခြင်းက ကောင်းမွန်သော်လည်း မီဒီယာငယ်များနှင့် အလယ်အလတ်အဆင့် မီဒီယာများအနေဖြင့် ဒစ်ဂျစ်တယ်ပိုင်းမှရရှိသော ဝင်ငွေက အများအားဖြင့် မဆိုစလောက်သာရှိသောကြောင့် ဆိုးဝါးစွာထိခိုက်နေသော ၎င်းတို့၏ ဝင်ငွေအပေါ် သက်ရောက်မှုမရှိသလောက် ဖြစ်နေပါသည်။

COVID-19 impacted on your media business

လေ့လာတွေ့ရှိချက်များ

  • ကိုဗစ်-၁၉ ကြောင့် မတ်လမှ မေလ ကာလအတွင်း၌ သတင်းထုတ်လုပ်မှုပိုတိုးလာသည်ဟု ပြည်တွင်းမီဒီယာ ၁၀ ခုက ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ဒေသတွင်းမီဒီယာများ ၂၆ ခုထက် ပိုမိုဖြေဆိုခဲ့ပါသည်။ ဉပမာ အချို့သော ပြည်တွင်းမီဒီယာများ၏ အဆိုအရ အစောပိုင်းကာလအလွန်တွင် ၎င်းတို့၏ ဝန်ထမ်းများက နေအိမ်မှ အလုပ်လုပ်သည့် နည်းလမ်းကို ပြောင်းလဲကျင့်သုံးခဲ့ပြီး ယခင်က ရုံးတွင် ထုတ်လုပ်နိုင်ခဲ့သည်ထက်ပင် ပိုမို ထုတ်လုပ်နိုင်ခဲ့ကြပါသည်။ သို့သော်လည်း တိုင်းရင်းသားပြည်နယ်များနှင့်တိုင်းဒေသကြီးများရှိ မီဒီယာအချို့ကမူ စက်ပစ္စည်းကိရိယာနှင့် ဆက်သွယ်ရေးစနစ်များ မပြည့်စုံမှုကြောင့် နေအိမ်မှ အလုပ်လုပ်ရာတွင် စိမ်ခေါ်မှုများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်ဟု ဖြေဆိုမှု ပိုမိုများပြားခဲ့ပါသည်။
  • မီဒီယာငယ်များ (ဝန်ထမ်းဦးရေ ၁-၁၉ ဦး) က ကိုဗစ်-၁၉ ကြောင့် အလုပ်ပြီးမြောက်မှုအပိုင်းတွင် ကျဆင်းသွား၍ အလယ်အလတ်အဆင့်ရှိ မီဒီယာများ (ဝန်ထမ်းဦးရေ ၂၀-၆၉ ဦး) နှင့် မီဒီယာကြီးများ (ဝန်ထမ်းဦးရေ ၇၀-၁၅၀ ဦး) ထုတ်လုပ်သည့် သတင်းပုဒ်ရေပိုမိုလျော့နည်းသွားသည်ဟု ဖြေဆိုမှု ပိုမိုများပြားခဲ့ပါသည်။
မြန်မာအစိုးရက ပထမဆုံး ကိုဗစ်-၁၉ လူနာတွေ့ရှိတာကို မတ်လ ၂၃ ရက်နေ့မှ ထုတ်ပြန်ကြေညာခဲ့ပေမယ့် အဲ့မတိုင်မီကတည်းက သက်ရောက်မှုတွေကို ကျွန်တော်တို့ စခံစားနေရပါပြီ - အထူးသဖြင့် ကြော်ငြာထည့်တဲ့ ဖောက်သည်အရေအတွက်မှာပေါ့။
The Irrawaddy

မီဒီယာ ၃၁ ခုက ကိုဗစ်၏ သက်ရောက်မှုကို မတ်လတွင် စတင်ခံစားခဲ့ရသည်။

မီဒီယာ ၅ ခုက ကိုဗစ်၏ သက်ရောက်မှုကို ဧပြီလတွင် စတင်ခံစားခဲ့ရသည်။

ကိုဗစ်-၁၉ ၏ သက်ရောက်မှုကို မြန်မာနိုင်ငံတွင် ကိုဗစ်လူနာတွေ့ရှိကြောင်း စတင်မကြေညာမီ မတ်လ၏ ပထမလဝက်တွင်ပင် စတင်ခံစားနေရပြီဟု စစ်တမ်းပါ မီဒီယာ ၁၁ ခုက ဖြေဆိုခဲ့ကြပါသည်။ မြန်မာအစိုးရတာဝန်ရှိသူများက ကိုဗစ်လူနာစာရင်းကို တရားဝင် စတင်ကြေညာခဲ့သည့် မတ်လ ၂၃ ရက်နေ့တွင် အလှည့်အပြောင်းကို စတင်တွေ့မြင်ခဲ့ရသည်ဟု အခြားမီဒီယာ ၂၀ ခုက ဖြေဆိုခဲ့ပါသည်။ အလှည့်အပြောင်းဖြစ်စေသည့် ကာလအနေဖြင့် အခြားမီဒီယာ ၄ ခုက ဧပြီလ အစောပိုင်းနှင့် မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်မတိုင်မီကာလတို့ကိုလည်းကောင်း၊ အခြားမီဒီယာတစ်ခုက ဧပြီလ နှောင်းပိုင်းဟု လည်းကောင်း ဖြေဆိုခဲ့ကြပါသည်။

the impact of COVID-19 on your business

လေ့လာတွေ့ရှိချက်များ

  • ကိုဗစ်-၁၉ ၏ သက်ရောက်မှုကို ပြည်တွင်းမီဒီယာကြီးများ (ဝန်ထမ်းဦးရေ ၇၀-၁၅၀ ဦး) က အခြားမီဒီယာများ အထူးသဖြင့် ဝန်ထမ်းဦးရေ ၁-၁၉ ဦးသာရှိသော မီဒီယာငယ်များနှင့်တိုင်းရင်းသားမီဒီယာများ (မီဒီယာငယ်များနှင့် အလယ်အလတ်မီဒီယာများ) ထက် ဦးစွာ ခံစားခဲ့ရပါသည်။ တိုင်းရင်းသားမီဒီယာများက နှစ်ပတ်ခန့်ကြာပြီးမှ သက်ရောက်မှုကို စတင်ခံစားရသည်ဟု ဆိုပါသည်။

လူ့စွမ်းအားအရင်းအမြစ်

အိမ်ကနေ အလုပ်လုပ်ရင် လူအများစုမှာ အခက်အခဲလေးတွေ ရှိတတ်တယ်ဆိုတာ မန်နေဂျာတစ်ယောက်အနေနဲ့ သိပါတယ်။ အလုပ်ထဲမှာ အာရုံစိုက်လို့ မရကြတာမျိုး ရှိတတ်ပါတယ်။ ကလေးတွေ၊ မိသားစုတွေကလည်း ရှိတယ်လေ။ ချက်ရ ပြုတ်ရတာ သန့်ရှင်းရေးလုပ်ရတာတွေ ရှိပါတယ်။ တစ်ခါတစ်လေကျရင် ဘယ်လောက်ကြိုးစားကြိုးစား အလုပ်မှာ အာရုံစိုက်ဖို့ အခက်အခဲရှိတတ်ပါတယ်။
7Day

မီဒီယာ ၃၄ ခုက နေအိမ်မှ အလုပ်လုပ်သည့်မူဝါဒကို စတင်ကျင့်သုံးခဲ့သည်။

မီဒီယာ ၃၅ ခုတွင် ရုံးတွင်း၌ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်သည့် စည်းကမ်းများ ချမှတ်ကျင့်သုံးခဲ့သည်။

မီဒီယာ ၃၆ ခုက ဝန်ထမ်းများအား နှာခေါင်းစည်းနှင့်လက်သန့်ဆေးများ စီစဉ်ပေးခဲ့သည်။

မီဒီယာ ၂၄ ခုက အလုပ်ချိန်အတိုးအလျှော့ ပြုလုပ်ခွင့်ပေးခဲ့သည်။

မီဒီယာ ၁၈ ခုက ဝန်ထမ်းများနှင့်သတင်းခန်း၏ အလုပ်ပြီးစီးမှုလျော့ကျသွားကြောင်း ဖြေကြားခဲ့သည်။

ကပ်ရောဂါစတင်ဖြစ်ပွားသည့် ပထမ ၃ လအတွင်း စစ်တမ်းပါ မီဒီယာ ၃၆ ခုက ၎င်းတို့လုပ်ငန်းများ၏ ဝန်ထမ်းရေးရာအပိုင်းကို စီမံခန့်ခွဲခဲ့ပုံကို ဇယားပုံ ၄ ခု (၂ (က) – ၂ (ဃ)) ဖြင့် ဖော်ပြထားပါသည်။

မီဒီယာ ၃၆ ခုလုံးက ၎င်းတို့၏ ဝန်ထမ်းများအား နှာခေါင်းစည်းနှင့်လက်သန့်ဆေးများ စီစဉ်ပေးခဲ့သည်ဟု ဆိုပါသည်။ မီဒီယာ ၃၀ က လက်အိပ်များ၊ မီဒီယာ ၁၁ ခုက အကာအကွယ်ဝတ်စုံများကိုလည်း စီစဉ်ပေးခဲ့သည်ဟု ဆိုပါသည်။ ယင်းဘေးအန္တရာယ် ကင်းရှင်းရေး အသုံးအဆောင်များကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ရန်ကုန်သတင်းစာပညာကျောင်းတို့က ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ပါသည်။ မီဒီယာ ၃၅ က ရုံးတွင်း၌ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်သည့် စည်းကမ်းများကိုလည်း ချမှတ်ကျင့်သုံးခဲ့သည်ဟု ဆိုပါသည်။ ကျန်မီဒီယာတစ်ခုကမူ ကိုဗစ်-၁၉ ရောဂါမဖြစ်မီကပင် ၎င်းတို့၏ ရုံးကို ပိတ်ထားပြီးဖြစ်၍ အထက်ပါ အစီအမံများကို ချမှတ်ကျင့်သုံးရန် မလိုအပ်ခဲ့ပါ။

Staff chart

မီဒီယာ ၃၄ ခုက ၎င်းတို့၏ ဝန်ထမ်းအချို့ သို့မဟုတ် အားလုံးကို နေအိမ်မှ အလုပ်လုပ်ခွင့်ပြုသည့် မူဝါဒများချမှတ် ကျင့်သုံးခဲ့ပါသည်။ မီဒီယာ ၃၀ က ၎င်းတို့၏ ဝန်ထမ်းများအား နေအိမ်မှ (သို့) ရုံးတွင် အလုပ်လုပ်ရန် နှင့် လူကိုယ်တိုင် (သို့) အွန်လိုင်းမှ သတင်းတင်ဆက်ရန် ရွေးချယ်ခွင့်ပေးခဲ့ပါသည်။ မီဒီယာ ၂၄ ခုက အလုပ်ချိန် အတိုးအလျှော့ ပြုလုပ်ခွင့်ကိုလည်း ပေးခဲ့ပါသည်။

လေ့လာတွေ့ရှိချက်များ

  • စစ်တမ်းပါ အခြားမီဒီယာများနှင့်နှိုင်းယှဉ်ပါက ပြည်တွင်းမီဒီယာကြီးများက သန့်ရှင်းရေးပိုမိုပြုလုပ်ခြင်း ကဲ့သို့သော ကြိုတင်ကာကွယ်ရေးအစီအမံများကို ပိုမိုကျင့်သုံးကြပါသည်။
မိခင်တစ်ယောက်အနေနဲ့ပြောရရင် အိမ်ကနေ အလုပ်လုပ်ရတဲ့ ကောင်းကျိုးကတော့ ကိုယ့်ကလေးတွေနဲ့အတူ နေလို့ရတာပေါ့။ ဒါပေမယ့် အခက်အခဲအနေနဲ့ကတော့ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ အလုပ်တာဝန်တွေကို နိုင်နင်းအောင် ဘယ်လိုစီမံမလဲဆိုတာ စဉ်းစားရတာဖြစ်ပါတယ်။
မွန်သတင်းအေဂျင်စီ
Human resource management chart

မီဒီယာ ၁၃ ခုက လစာများ လျှော့ချခဲ့သည်။ မီဒီယာ ၈ ခုက ဝန်ထမ်းလျှော့၍ မီဒီယာ ၈ ခုက ၎င်းတို့၏ အလွတ်တန်း/ ကော်လံစားသတင်းထောက်ဦးရေ လျှော့ချခဲ့သည်။

စစ်တမ်းပါ မီဒီယာ ၅ ခုက အကြပ်အတည်းကာလကို တုံ့ပြန်သည့်အနေဖြင့် ဝန်ထမ်းအချို့ကို တာဝန်သစ်များပေးခဲ့သည်။ သတင်းထောက်တစ်ဦးကို ဒေသတွင်းမီဒီယာငယ်တစ်ခုတွင် အယ်ဒီတာအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့သည်။ တိုင်းရင်းသားမီဒီယာ တစ်ခုတွင် ဝန်ထမ်းကို စီးပွားရေးပိုင်းမှ သတင်းပိုင်းသို့ ပြောင်းရွှေ့တာဝန်ပေးခဲ့သည်။ ပြည်တွင်းမီဒီယာများနှင့်ဒေသတွင်းမီဒီယာ နှစ်ခုလုံးတွင် စီးပွားရေးပိုင်းနှင့်သတင်းပိုင်းမှ ဝန်ထမ်းများအကြား ပိုမိုနီးကပ်စွာ အလုပ်လုပ်ကိုင်လာကြပါသည်။ တိုင်းရင်းသား မီဒီယာငယ်တစ်ခုတွင် သတင်းပိုင်းနှင့်စီးပွားရေးပိုင်း တာဝန်များကို ဝန်ထမ်းတစ်ဦးတည်းက တာဝန်ယူထားခြင်း ရှိပါသည်။

စစ်တမ်းပါ မီဒီယာ ၃၆ ခုအနက် ၂၈ ခုက လုပ်ငန်းပိုင်းနှင့်ကိုယ်ရေးကိုယ်တာကိစ္စများ၊ ကိုဗစ်-၁၉ နှင့်ဆက်စပ်၍ ငွေကြေးအကြပ်အတည်းများ ရင်ဆိုင်ကြုံတွေ့နေရသည့် ဝန်ထမ်းများအား တစ်ဦးချင်း အနီးကပ်ပံ့ပိုးကူညီမှု ပြုလုပ်ပေးကြောင်း စစ်တမ်းပါ မီဒီယာ ၃၆ ခုအနက် ၂၈ ခုက ဆိုပါသည်။

လေ့လာတွေ့ရှိချက်များ

  • ကိုဗစ်-၁၉ ကြောင့် အပြောင်းအလဲများကို ပြည်တွင်းမီဒီယာများက အခြားမီဒီယာများထက် များစွာ ပိုမိုပြုလုပ်ခဲ့သည်။ ဥပမာ အဆင်ပြေသည့်ပုံစံဖြင့် အလုပ်လုပ်ခွင့်နှင့် ဝန်ထမ်းများအတွက် အခြားပံ့ပိုးကူညီမှုများ ပိုမိုပေးကြပါသည်။ ဝန်ထမ်း ဦးရေနှင့်လစာလျှော့ချမှုကိုလည်း ပိုမိုလုပ်ဆောင်ကြသည်။
Staff response chart

သတင်းခန်းဝန်ထမ်းများက မတ်လမှ မေလအထိ ကာလအတွင်း အလုပ်ပိုမိုလုပ်နိုင်ခဲ့ကြောင်း (အထက်ပါ ဇယားပုံ ၁ (က) တွင် ကြည့်ပါ) မီဒီယာ ၄ ခုက ဆိုသော်လည်း အခြားမီဒီယာ ၁၈ ခုကမူ ၎င်းတို့၏ ဝန်ထမ်းများနှင့် သတင်းခန်းတို့၏ အလုပ်လုပ်နိုင်မှု လျော့သွားသည်ဟု ဆိုပါသည် (အောက်ပါ ဇယားပုံ ၂ (ဂ) တွင် ကြည့်ပါ)။ ကိုဗစ်-၁၉ ကြောင့် ဝန်ထမ်းများနှင့် ဆက်သွယ်ပြောဆိုမှုနှင့် ညှိနှိုင်းဆောင်ရွက်မှု လျော့ကျသွားကြောင်း မီဒီယာ ၂၃ ခုက အတည်ပြု ဖြေဆိုခဲ့သည်။

Remote work chart

လေ့လာတွေ့ရှိချက်များ

  • ပြည်တွင်းမီဒီယာများနှင့် နှိုင်းယှဉ်ပါက တိုင်းရင်းသားပြည်နယ်များနှင့်တိုင်းဒေသကြီးများရှိ ဒေသတွင်းမီဒီယာများတွင် ကိုဗစ်-၁၉ ကြောင့် ဝန်ထမ်းများ၏ လုပ်ငန်းတာဝန်ပြီးမြောက်မှုတွင် အကြီးအကျယ် ကျဆင်းသွားခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။ သတင်းလိုက်ခြင်း၊ သတင်းရင်းမြစ်များ/အင်တာဗျူးခံပုဂ္ဂိုလ်များနှင့်ဆက်သွယ်မေးမြန်းခြင်းတို့ ပြုလုပ်ရာတွင်လည်း အခက်အခဲများနှင့် ပိုမိုကြုံတွေ့ခဲ့ကြသည်။

ဆက်သွယ်ရေး

ကျွန်တော်တို့က အိမ်ကနေ အလုပ်လုပ်မယ့်သူတွေအတွက် မီဒီယာကြီးတွေလိုတော့ လက်တော့ပ်ကွန်ပျူတာတွေ ဝယ်မပေးနိုင်ဘူးလေ။ ဆိုတော့ကာ ဝန်ထမ်းတွေက သူတို့သတင်းတွေကို သူတို့ရဲ့ မိုဘိုင်းဖုန်းနဲ့ဖြစ်ဖြစ်၊ မှတ်စုစာအုပ်လေးတွေနဲ့ ဖြစ်ဖြစ် ရေးရာတာမျိုး ခဏခဏ ရှိပါတယ်။ အဲ့တော့ ကျွန်တော်တို့ရဲ့ သတင်းထုတ်လုပ်မှုအပေါ် သက်ရောက်မှု ရှိလာတာပေါ့။
The Hakha Post

မီဒီယာ ၃၆ ခုက မိုဘိုင်းဖုန်းနှင့် ဖေ့စ်ဘွတ်မက်ဆင်ဂျာကို အများဆုံး အသုံးပြုကြသည်။

မီဒီယာ ၃၄ ခုက အီးမေးလ်ကို မကြာခဏ အသုံးပြု၍ မီဒီယာ ၃၀ က ဇူးမ် (Zoom) ကို အသုံးပြုသည်။

မီဒီယာ ၁၉ ခုက ဗိုက်ဘာ (Viber)၊ ၁၂ ခုက Signal၊ ၇ ခုက WhatsApp နှင့် ၆ ခုက Google Meet တို့ကို အသုံးပြုခဲ့ကြသည်။

ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစ၍ ဆက်သွယ်ရေးအတွက် မည်သည့်ပလက်ဖောင်းကို အများဆုံး အသုံးပြုဖြစ်သနည်းဟု မေးသည့်အခါ ဖြေကြားသူ ၃၆ ဦးလုံးက မြန်မာမီဒီယာများအသုံးပြုသည့် လူကြိုက်အများဆုံး ဆက်သွယ်ရေးနည်းလမ်းဖြစ်သည့် မိုဘိုင်းဖုန်းနှင့်ဖေ့စ်ဘွတ်မက်ဆင်ဂျာတို့ကို ပိုမိုနှစ်သက်ကြကြောင်း တွေ့ရှိရပါသည်။ ယင်းအနေအထားက မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းများနှင့် ဆင်းကဒ်များ နေရာအနှံ့တွေ့နိုင်သည်ကိုလည်းကောင်း၊ ဖေ့စ်ဘွတ်ကိုပင် အားထားနေကြဆဲဖြစ်သည်ကို လည်းကောင်း ထင်ရှားစွာ တွေ့မြင်ရပါသည်။

Communication platform chart

အရောင်းမှရသော ဝင်ငွေ

ကိုဗစ်-၁၉ မဖြစ်ခင်က ကျွန်မတို့ အဆင်ပြေတယ်။ ကိုယ့်လုပ်ငန်းကို ကိုယ်ရှာတဲ့ငွေနဲ့ လည်ပတ်အောင် လုပ်နိုင်တယ်။ အလှူရှင်ဆီက ထောက်ပံ့ငွေမျိုး လိုလည်း မလိုခဲ့သလို လိုလည်း မလိုချင်ခဲ့ပါဘူး။ ကြော်ငြာကနေ ဝင်ငွေတွေတောင် ရနေခဲ့တာ။ ဒါပေမယ့် ကိုဗစ်-၁၉ က အရာအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။ ရှမ်းပြည်နယ်နဲ့ထိုင်းနယ်စပ်က စီးပွားရေးလုပ်ငန်းတွေ အားလုံး - ကျွန်မတို့ရဲ့ ဖောက်သည်တွေပဲ ဆိုပါတော့ - ကိုဗစ်-၁၉ ကြောင့် အကြီးအကျယ် ထိခိုက်ကုန်တော့ အရင်တုန်းကလို ကြော်ငြာအတွက်ပဲ ဖြစ်ဖြစ်၊ ပွဲလေးဘာလေးအတွက်ပဲ ဖြစ်ဖြစ် ပိုက်ဆံမသုံးနိုင်ကြတော့ဘူး။ ကျွန်မတို့ဝင်ငွေရဲ့ ၇၅% ကျော် ဆုံးရှုံးသွားတယ်။ ဒါကြီးက ဘယ်တော့ပြီးမှာလဲ ကျွန်မတို့လည်း မသိဘူး။ ကျွန်မတို့ရဲ့ အနာဂတ်ကလည်း ဘယ်လိုရှိမယ် မသိဘူး။
တာချီလိတ်သတင်းအေဂျင်စီ

မီဒီယာ ၃၅ ခုက အရောင်းမှရသော ဝင်ငွေကျဆင်းသွားမှုနှင့် ကြုံတွေ့ခဲ့ရသည်။

မီဒီယာ ၁၈ ခုက အရောင်းမှရသော ဝင်ငွေကို ၇၅% အထိ ဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရသည်။

မီဒီယာ ၃၂ ခုက ကြော်ငြာမှရသော ဝင်ငွေလျော့ကျမှုနှင့် ကြုံတွေ့ခဲ့ရသည်။

ဆက်လက်ဖော်ပြထားသည့် ဇယားပုံ ၃ ခု (၄ (က) – ၄ (ဂ)) တွင် ကိုဗစ်-၁၉ ကြောင့် ပြောင်းလဲမှုနှင့် မီဒီယာများ ခံစားခဲ့ရသော ဝင်ငွေအရ အကြီးအကျယ် ဆုံးရှုံးမှုများကို ထင်ရှားစွာ ဖော်ပြထားပါသည်။ အရောင်းမှ ရရှိသောဝင်ငွေရပေါက်ရလမ်းများတွင် ကြော်ငြာ၊ သတင်းရောင်းရငွေ၊ ပုံနှိပ်သတင်းစာရောင်းရငွေနှင့် လစဉ်ကြေးများ၊ အခမ်းအနားများနှင့် အခြားဝင်ငွေရပေါက်ရလမ်းများ ပါဝင်သည်။

စစ်တမ်းပါ မီဒီယာများအနက် ထက်ဝက် - ပြည်တွင်းမီဒီယာ ၂ ခု နှင့် ဒေသတွင်းမီဒီယာ ၁၆ ခု - က အရောင်းမှရသော ဝင်ငွေ ၇၅% ကျော် ကျဆင်းသွားသည်ကို တွေ့ကြုံခဲ့ရပြီး မီဒီယာတစ်ခုက ၎င်း၏ အရောင်းမှရသော ဝင်ငွေအားလုံး ဆုံးရှုံးသွားခဲ့သည်။ အခြားမီဒီယာ ၅ ခုက ဝင်ငွေ ၅၀-၇၅% ကျဆင်းသွားသည်ဟု ဖြေဆိုခဲ့ပြီး အခြားမီဒီယာ ၆ ခုက ဝင်ငွေ ၂၅-၅၀% ဆုံးရှုံးသွားခဲ့သည်။ မီဒီယာ ၄ ခုက ဝင်ငွေ ၁၀-၂၅% ဆုံးရှုံးခဲ့ပြီး မီဒီယာတစ်ခုက ၁၀% နီးပါး ဆုံးရှုံးခဲ့သည်။ မီဒီယာတစ်ခုကမူ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်တွင် လုပ်ငန်းမှဝင်ငွေရရှိနေခြင်းမရှိသဖြင့် ဆုံးရှုံးမှုလည်း မရှိခဲ့ပါ။

Revenues date chart

ကိုဗစ်-၁၉ နှင့်ဆက်စပ်၍ စစ်တမ်းဖြေဆိုခဲ့သည့် မီဒီယာ ၃၆ ခုလုံး၏ ပျမ်းမျှဝင်ငွေဆုံးရှုံးမှုပမာဏသည် မတ်လမှ မေလအထိ ၆၅% ရှိခဲ့သည်ကို အောက်ပါဇယားပုံတွင် ဖော်ပြထားပါသည်။ (အတိုင်းအဆပမာဏတစ်ခုလုံး၏ အလယ်မှတ်ကို အခြေခံ၍ ပျမ်းမျှပမာဏကို တွက်ချက်သည်)။ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးများရှိ မီဒီယာများက ပျမ်းမျှ ၇၇% ဖြင့် အဆိုးဆုံး ထိခိုက်ခံစား ခဲ့ရပြီး တိုင်းရင်းသားမီဒီယာများက ၅၈% နှင့် ပြည်တွင်းမီဒီယာများက ၅၃% အသီးသီး ထိခိုက်ခံစားခဲ့ရသည်။ မီဒီယာအရွယ်အစား ပေါ်မူတည်၍ ဆုံးရှုံးမှုများကို ကြည့်ပါက မီဒီယာငယ်များက ပျမ်းမျှဆုံးရှုံးမှုပမာဏ ၆၈%၊ အလယ်အလတ်အရွယ်အစားရှိသည့် မီဒီယာများက ၆၆%၊ မီဒီယာကြီးများက ၄၅% အသီးသီး ခံစားခဲ့ရသည်။ ပလက်ဖောင်းအမျိုးမျိုး၏ ပျမ်းမျှဆုံးရှုံးမှုပမာဏများက နီးစပ်မှုရှိကြသည် - ဒစ်ဂျစ်တယ်ပိုင်းတွင် ၆၅%၊ တီဗွီနှင့်ရေဒီယိုတွင် ၆၄% နှင့် ပုံနှိပ်မီဒီယာတွင် ၆၃% အသီးသီးရှိကြသည်။

မီဒီယာအားလုံးအတွက် ပျမ်းမျှပမာဏ

ပြည်တွင်းမီဒီယာများ

တိုင်းရင်းသားမီဒီယာများ

တိုင်းဒေသကြီးများမှ မီဒီယာများ

ဒစ်ဂျစ်တယ်နည်းဖြင့် ထုတ်ဝေသော မီဒီယာများ

ပုံနှိပ်နည်းဖြင့် ထုတ်ဝေသော မီဒီယာများ

တီဗွီ/အွန်လိုင်းတီဗွီ/ရေဒီယို/အွန်လိုင်းရေဒီယို ထုတ်လုပ်သည့်မီဒီယာများ

မီဒီယာငယ်များ (ဝန်ထမ်းဦးရေ ၁-၁၉ ဦး)

အလယ်အလတ်မီဒီယာများ (ဝန်ထမ်းဦးရေ ၂၀-၆၉ ဦး)

မီဒီယာကြီးများ (ဝန်ထမ်းဦးရေ ၇၀ ဦးအထက်)

ပျမ်းမျှဆုံးရှုံးမှု %

Revenues media business chart

ထိခိုက်မှုအများဆုံးဖြစ်ပြီး များသောအားဖြင့် မြန်မာမီဒီယာများ၏ အရောင်းမှရသောဝင်ငွေကို အများဆုံးရှာဖွေပေးနိုင်သည့် ဝင်ငွေရလမ်းသည် ကြော်ငြာဖြစ်သည် - မီဒီယာ ၃၂ ခုက ကြော်ငြာမှရသော ဝင်ငွေတွင် ဆုံးရှုံးမှုများခံစားခဲ့ရကြောင်း ဖြေကြားခဲ့ကြသည်။

ကိုဗစ်-၁၉ မဖြစ်ခင်က လုပ်ငန်းကရတဲ့ ဝင်ငွေနဲ့အလှူရှင်ရဲ့ အထောက်အပံ့တွေ ရခဲ့ပါတယ်။ ကပ်ရောဂါကြောင့် ဝင်ငွေတစ်ချို့ကို ရုတ်တရက်ကြီး ဆုံးရှုံးသွားတော့ ကျွန်တော်တို့ရဲ့ အလှူရှင်ဆီက ထောက်ပံ့ငွေကြောင့် ကျွန်တော်တို့ ရပ်တည်ဖို့ အတွက် အထောက်အကူဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ ကံကောင်းတဲ့သူတွေထဲ ပါသွားပါတယ်။
DVB Multimedia Group

ပုံနှိပ်မီဒီယာများသည်လည်း ကြော်ငြာဝင်ငွေမျှသာ ဆုံးရှုံးခဲ့ကြသည်မဟုတ်ပါ - ပုံနှိပ်သတင်းစာထုတ်သော မီဒီယာ ၁၉ ခုအနက် ၁၈ ခုက သတင်းစာရောင်းအား ကျဆင်းသွားခြင်းကြောင့် ဝင်ငွေပိုင်းဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုပါသည်။ ကျန်မီဒီယာ တစ်ခုသာ ကပ်ရောဂါ မဖြစ်မီကပင် ၎င်းတို့၏ သတင်းစာကို အခမဲ့ ဖြန့်ချီခဲ့ခြင်းကြောင့် သတင်းစာရောင်းအား ကျဆင်းမှုရှိသည်ဟု မဖြေခဲ့ခြင်း ဖြစ်ပါသည်။ စစ်တမ်းကောက်ယူသည့်ကာလအတွင်း၌ မီဒီယာနှစ်ခုက ၎င်းတို့၏ ပုံနှိပ်သတင်းစာများကို အပြီးတိုင် ရပ်စဲခဲ့ပြီး အခြားမီဒီယာ ၆ ခုက ယာယီ ရပ်စဲခဲ့ပါသည်။ မေလ ၃၁ ရက်နေ့အထိ မီဒီယာ ၁၁ ခုကသာ ပုံနှိပ်ထုတ်ဝေနေဆဲ ဖြစ်ပါသည်။

Revenues sources chart
ကြော်ငြာရှင်အများစုက ကိုဗစ်-၁၉ ကြောင့် ကျွန်မတို့နဲ့ လူချင်းတွေ့တာမျိုး မလုပ်ချင်ကြဘူး။ အဲ့တော့ ရင်းနှီးမှုကို အွန်လိုင်းကနေ စလုပ်ရပါတယ်။ အစပိုင်းတော့ ခက်တာပေါ့။ နောက်တော့လည်း တဖြည်းဖြည်း အသားကျလာပါတယ်။
The Voice Daily

Rose Swe - ကြော်ငြာလုပ်ငန်းအပေါ် ကိုဗစ်-၁၉ ၏ သက်ရောက်မှု

ကျွန်မဟာ မြန်မာပြည်ရဲ့ ကြော်ငြာလုပ်ငန်းများ အလုပ်လုပ်လာတာ ၂၆ နှစ်ရှိပါပြီ။ ဒါမျိုးတော့ တစ်ခါမှ မကြုံဖူးပါဘူး။ ပုံမှန်အားဖြင့်တော့ ဒီလိုအချိန်မျိုးဆိုရင် ကျွန်မတို့ စီမံခန့်ခွဲရေးတာဝန်ရှိသူတွေက လာမယ့်နှစ်အတွက် ဘက်ဂျက်အစီအစဉ်ကို စတောင် ဆွဲနေပါပြီ။ ဒါပေမယ့် ဒီနှစ်တော့ လာမယ့်စတုတ္ထသုံးလပတ်မှာ အခြေအနေတွေ ဘယ်လိုဖြစ်လာမယ်ဆိုတာ ကျွန်မလည်း မခန့်မှန်းတတ်တော့ ကျွန်မတို့ရဲ့ ဘဏ္ဍာရေးမှုးချုပ်ကို ဘက်ဂျက်အစီအစဉ်ဆွဲတာတွေ ခဏဆိုင်းထားဖို့ ပြောထားရပါတယ်။ နောက်နှစ်အတွက်ကတော့ ခန့်မှန်းလို့ ပိုတောင်မရနိုင်ပါဘူး။ ကျွန်မတို့အခြေအနေက မျက်လုံးကို တစ်ခုခုနဲ့ ဖုံးအုပ်ပြီး အမှောင်ထဲမှာ လမ်းလျှောက်နေရသလိုပါပဲ။

လောလောဆယ်တော့ ဒီအခြေအနေက အကြီးမားဆုံးစိမ်ခေါ်မှုပါပဲ။ ပစ္စုပ္ပန်မှာ နေထိုင်ရင်း ကိုယ်ရှေ့ဆက်မယ့်လမ်းကြောင်းကို စိတ်နဲ့ခံစားကြည့်ရတာပဲ။

ဒါဆို ကျွန်မတို့က အတိအကျသိတာ ဘာတွေရှိသလဲ။ ၂၀၁၉ ခုနှစ်မှာ မီဒီယာထဲထည့်တဲ့ ကြော်ငြာအသုံးစရိတ်စုစုပေါင်းက ဒေါ်လာ ၁၂၆.၆ သန်း ရှိပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလကနေ မတ်လအထိက ဒေါ်လာ ၃၄.၅ သန်း ရှိပါတယ် - အရင်နှစ်ထက် ၁၀% ကျသွားပါတယ်။ အဲ့လိုနဲ့ ကျွန်မတို့ဆီမှာ ကိုဗစ်-၁၉ စဖြစ်ခဲ့တယ်။ မေလမကုန်ခင်မှာပဲ အရင်နှစ်တွေနဲ့ ယှဉ်ရင် နောက်ထပ် ၁၀% လောက် ထပ်ကျသွားပါတယ်။ ဇွန်လကတော့ သိပ်မဆိုးလှပါဘူး။ ဒါပေမယ့်လည်း နောက်ထပ် ၅-၁၀% ထပ်ကျသွားတယ်လို့ တွက်ချက်မှုတွေအရ သိရပါတယ်။ အခမ်းအနားတွေမှာသုံးတဲ့ ကြော်ငြာစရိတ်ကတော့ အထိခိုက်မှု အများဆုံးပါပဲ။ ဒုတိယ ထိခိုက်မှုအများဆုံးကတော့ ပုံနှိပ်မီဒီယာတွေ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ပိုင်းမှာ ကြော်ငြာကရတဲ့ ဝင်ငွေက နည်းပေမယ့် နည်းနည်းတော့ တိုးတက်လာပါတယ်။ တီဗွီကတော့ ပုံမှန်အတိုင်းလောက်ပါပဲ။

ပထမနဲ့ဒုတိယ သုံးလပတ်နှစ်ခုမှာ - ဇန်နဝါရီကနေ မတ်လအထိနဲ့ ဧပြီလကနေ ဇွန်လအထိ - ကြော်ငြာရှင်တွေဟာ တီဗွီမှာ အဓိက သုံးစွဲခဲ့ကြပါတယ်။ ဉပမာ Nielsen MMRD က အချက်အလက်တွေအရ မတ်လမှာ ကြော်ငြာအတွက် နေရာ ၄,၄၀၀၊ ဧပြီလမှာ ၃,၃၀၀ နဲ့ မေလမှာ ၃,၀၀၀ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီငွေအများစုက ပုဂ္ဂလိကနဲ့အစိုးရဖက်စပ် ရုပ်သံလွှင့်လုပ်ငန်း နှစ်ခုဖြစ်တဲ့ Forever Group နဲ့ ရွှေသံလွင်မီဒီယာ (Skynet) တို့ရဲ့ ချန်နယ်တွေဆီ ရောက်သွားပါတယ်။

တစ်ချိန်တည်းမှာပဲ ကြော်ငြာရှင်တွေဟာ သူတို့ရဲ့ ပုံနှိပ်မီဒီယာအတွက် ဘက်ဂျက်ကို လျှော့ချခဲ့ပါတယ်။ ဉပမာ မတ်လမှာ သတင်းစာတွေရဲ့ ကြော်ငြာအတွက် နေရာ ၃,၀၀၀ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဧပြီလမှာ ၆၀၀ အထိ ထိုးကျသွားခဲ့ပါတယ်။ ပြီးတော့ တစ်ခါ မေလမှာ ၉၀၀ အထိ နည်းနည်းပြန်တက်လာပါတယ်။ ကျန်တဲ့ကြော်ငြာတွေက နိုင်ငံပိုင် (အစိုးရပိုင်နဲ့စစ်တပ်ပိုင်) သတင်းစာတွေဆီ အဓိကရောက်ကုန်ကြတော့ ပုဂ္ဂလိကပိုင် ပုံနှိပ်သတင်းစာတိုက်တွေအတွက် ဘာမှ မကျန်သလောက် ဖြစ်သွားပါတယ်။ အပတ်စဉ်နဲ့လစဉ်ထုတ်ဂျာနယ်တွေမှာလည်း အလားတူ ကျဆင်းသွားတာနဲ့ ကြုံတွေ့ကြရပါတယ်။ ဒါကြောင့်လည်း MDIF ရဲ့ ကိုဗစ်-၁၉ စစ်တမ်းမှာ အရင်တုန်းက ကြော်ငြာကနေ ဝင်ငွေရခဲ့တဲ့ ပုဂ္ဂလိကမီဒီယာ ၃၆ ခုထဲက ၃၂ ခုလုံး ဝင်ငွေကျဆင်းသွားတာနဲ့ ကြုံတွေ့ခဲ့ရတာ အံ့ဩစရာမရှိပါဘူး။

ခုလည်း တတိယသုံးလပတ်ရဲ့ အစဖြစ်တဲ့ ဇူလိုင်လတောင် ရောက်လာပါပြီ။ ဇူလိုင်လဟာ နှစ်စဉ်နှစ်တိုင်း လုပ်ငန်းတွေ နှေးကွေးတတ်တဲ့ လလည်းဖြစ်ပါတယ်။ မိုးတွင်းလည်းဖြစ်၊ ဗုဒ္ဓဘာသာဝင်တွေ ဥပုဒ်စောင့်ကြတဲ့ ဝါတွင်းကာလလည်းဖြစ်လို့ နှေးကွေးတာလည်း ဖြစ်ပါတယ်။ တစ်ခါ ဒီနှစ်မှာ ကိုဗစ်-၁၉ ကလည်း ဖြစ်နေသေးတယ်။ အဲ့တော့ ကျွန်မတို့နဲ့ ဆန့်ကျင်နေတဲ့ အရာ ၃ ခုရှိနေပါတယ်။ ပုံမှန်ဆိုရင် တတိယသုံးလပတ်အကုန်လောက် ဒါမှမဟုတ် စတုတ္ထသုံးလပတ်ရဲ့အစ အောက်တိုဘာလ အစောပိုင်းလောက်ဆို ကြော်ငြာက ပြန်တက်လာတတ်ပါတယ်။ ဒါပေမယ့် ဒီနှစ်တော့ ဘာတွေဖြစ်လာမလဲ မသိဘူး။ အလွန်ဆုံး တတိယသုံးလပတ်အကုန်လောက်မှာ ပြန်ပြီးထူထူထောင်ထောင်ဖြစ်လာမယ်လို့ ကြိုတင်ခန့်မှန်းလို့ ရချင်ရပါမယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ်အတွက်တော့ ခန့်မှန်းဖို့ရာ စောလွန်းနေပါသေးတယ်။

လောလောဆယ် အရေးအကြီးဆုံးက ကျွန်မတို့အနေနဲ့ ပိုပြီးကြိုးစားဖို့ လိုနေပါတယ်။ ဖောက်သည်တွေဘက်က လိုချင်တာတွေ ပိုများလာသလို သူတို့ကိုယ်တိုင်လည်း အခြေအနေမကောင်းလှပါဘူး။ ကျွန်မတို့အနေနဲ့ မိတ်ဖက်ဆိုတဲ့ စိတ်မျိုးမွေးဖို့ လိုလာပါပြီ။ ကိုယ့်အခြေအနေ မကောင်းလို့ ငွေကို ပိုရှာရမယ်ဆိုတဲ့ အမြင်မျိုးမထားဘဲ တစ်ခြားသူတွေလည်း အခြေအနေမကောင်းကြဘူး ဆိုတာကို သတိရပြီး ဖြစ်နိုင်မယ့်ဟာတွေပဲ မျှော်လင့်ထားဖို့ လိုပါတယ်။

မီဒီယာတွေလိုပဲ ကြော်ငြာအေဂျင်စီအများအပြားက အသုံးစရိတ်တွေ လျှော့ချနေကြပါတယ်။ ကျွန်မတို့ Mango မှာတော့ ဝန်ထမ်းလည်း မလျှော့၊ လစာလည်း မလျှော့ဘဲ ရပ်တည်လာနိုင်ခဲ့တဲ့အပြင် ဝန်ထမ်းနည်းနည်းပါးပါးတောင် လစ်လပ်နေရာတွေအတွက် ခန့်ထားခဲ့ပါတယ်။ ဒါပေမယ့် နှစ်တိုးလစာတို့ ရာထူးတိုးတို့ကိုတော့ မစဉ်းစားနိုင်သေးပါဘူး။ ကြော်ငြာ လုပ်ငန်းမှာ အရင်ကလိုငွေမျိုး မရှိတော့တဲ့အတွက် လုပ်ငန်းတစ်ခုလုံးမှာ ထိခိုက်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် ရုံးခန်းလှလှတွေ နဲ့ လစာများများပေးပြီး ဝန်ထမ်းတွေခေါ်ထားတတ်တဲ့ အေဂျင်စီသစ်တစ်ချို့ကို ပိုပြီး ထိခိုက်နေပါတယ်။ အားပေးမယ့် ဖောက်သည်မရှိတဲ့အတွက် သူတို့တွေ ထိခိုက်နေပါပြီ။

အခြေအနေတွေက စိတ်ဓာတ်ကျစရာတွေချည်း ဖြစ်နေပါတယ်။ ဒါပေမယ့် ကိုဗစ်-၁၉ ကြောင့် အခွင့်အလမ်းသစ်တွေလည်း ထွက်ပေါ်လာပါတယ်။ မြန်မာပြည်မှာ စားသုံးသူတွေရဲ့ တွေးမြင်ပုံတွေ ပြောင်းလဲလာသလို ဘဝရှင်သန်နေထိုင်ပုံ၊ တန်ဖိုးထားပုံတွေမှာလည်း ပြောင်းလဲလာနေပါပြီ။ ကျွန်မတို့ရဲ့ မီဒီယာသုံးစွဲပုံဟာလည်း ပြောင်းလဲနေပါပြီ။ နိုင်ငံတကာ လေဆိပ်တွေကို ပိတ်ထားဆဲဖြစ်တဲ့အတွက် ဒီနှစ်တော့ လူတွေ ပြည်ပကို ခရီးမထွက်ကြတော့ပါဘူး။ တစ်ခြားတိုင်းပြည်တွေရဲ့ ပြည်ဝင်ခွင့်တွေမှာလည်း အကန့်အသတ်တွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့်လည်း လူတွေဟာ ပြည်တွင်းမှာပဲ ခရီးတွေ ထွက်ကြပါတယ်။ ပြည်တွင်းမှာပဲ ဈေးဝယ်ကြပါတယ်။ အွန်လိုင်းမှာပဲ ရောင်းကြဝယ်ကြပါတယ်။ ဥပမာ လူတော်တော်များများက အစားအသောက်တွေ အွန်လိုင်းကနေ ရောင်းနေကြတော့ မီဒီယာတွေအနေနဲ့ ခုမှစလုပ်ကြတဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်အတူတွဲလုပ်ဖို့ အခွင့်အလမ်းတစ်ခု ရလာပါတယ်။ ပြည်တွင်းခရီးသွားကုမ္ပဏီတွေလည်း အလားတူအခွင့်အလမ်းကို ရလာပါတယ်။ ဒါ့အပြင် မူဝါဒအပြောင်းအလဲကြောင့် နိုင်ငံတကာဘဏ်တွေနဲ့ အာမခံကုမ္ပဏီတွေကလည်း မကြာခင် မြန်မာပြည်မှာ လုပ်ငန်းတွေလာဖွင့်ပြီး ကြော်ငြာတွေ ထည့်ကြတော့မှာ ဖြစ်ပါတယ်။ ဆက်သွယ်ရေးလုပ်ငန်းတွေလည်း ကြော်ငြာတွေ ဆက်ပြီးထည့်ကြမှာဖြစ်သလို ဆေးကုမ္ပဏီတွေ၊ မိုဘိုင်းငွေပေးချေရေးလုပ်ငန်းတွေ၊ ဘဏ္ဍာရေးနည်းပညာ (Fintech) လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ပညာရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့လုပ်ငန်းတွေဟာ မကြာခင် ပိုပြီးနိုးကြားလာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အခွင့်အလမ်းတွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

ဒီနှစ်မှာ ကိုဗစ်-၁၉ ဖြစ်နေပေမယ့်လဲ နိုဝင်ဘာလ ရွေးကောက်ပွဲတွေကလည်း မီဒီယာတွေအနေနဲ့ ကြော်ငြာတွေရအောင် ဆွဲဆောင်ဖို့ အခွင့်အလမ်းတစ်ခု ဖြစ်နေပါတယ်။ ဒါပေမယ့် ပါးနပ်မှသာ ဒီအခွင့်အလမ်းကို ရနိုင်မှာပါ။ ကြော်ငြာရှင်တွေဟာ နိုင်ငံရေးနဲ့ ပတ်သက်ဖို့ ဝန်လေးကြပါတယ်။ ဒါပေမယ့် လူငယ်တွေ၊ အမျိုးသမီးတွေကိုတော့ ဦးတည်ချက် ထားချင်ကြပြန်ပါတယ်။ အဲဒီတော့ ဒီလူအုပ်စုနှစ်စုကို ဆွဲဆောင်နိုင်မယ့်နည်းလမ်းကို မီဒီယာတွေက စဉ်းစားဖို့လိုလာပါတယ်။ ဥပမာ နိုင်ငံရေးက လူငယ်တွေအတွက် ဘာကြောင့်အရေးကြီးကြောင်း၊ သူတို့အနေနဲ့ နိုင်ငံရေးမှာ ဘာကြောင့်ဝင်ပါသင့်ကြောင်း၊ ကျွန်မတို့အားလုံး နေချင်တဲ့ တိုင်းပြည်မျိုးဖန်တီးဖို့ရာ ဘယ်လိုပူးပေါင်းလုပ်ဆောင်နိုင်ကြောင်း ရေးသားတဲ့နည်းကို သုံးလို့ရပါတယ်။ လောလောဆယ်တော့ ဘဝက စိတ်မချမ်းမြေ့စရာလို့ ထင်စရာရှိပါတယ်။ မီဒီယာတွေအနေနဲ့ ဆန်းသစ်တဲ့ အတွေးအမြင်ရှိဖို့၊ TikTok လိုမျိုး ပိုပြီးလုပ်နိုင်ဖို့၊ ပရိတ်သတ်တွေကို ဆွဲဆောင်ဖို့ ဖြစ်ရပ်ဇာတ်လမ်းတွေ ပြောပြတာ၊ ရယ်မောစရာတွေနဲ့ ဖျော်ဖြေရေးတွေထည့်ပေးတာမျိုး လုပ်ဖို့လိုပါတယ်။

ဒီကာလတွေမှာ ပြုပြင်ပြောင်းလဲရေးအကြောင်း တစ်ချိန်လုံး လူတွေပြောနေကြပါတယ်။ လူနေမှုဘဝပုံစံသစ်ဆိုတဲ့ စကားလုံးက ကိုဗစ်-၁၉ ကာလ ရေပန်းစားတဲ့ စကားလုံးသစ်လို့တောင် ပြောလို့ရပါတယ်။ အရင်လိုနေလို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုပြီးတိုးတက်ဖို့၊ တီထွင်ဖန်တီးဖို့နဲ့ ပြုပြင်ပြောင်းလဲဖို့က ကိုယ့်ကိုကိုယ် အရင်နားလည်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ အားသာချက်ကို အခြေခံပြီး ဘယ်လောက်အထိ စွန့်စားလို့ရမယ်ဆိုတာ အကဲဖြတ်နိုင်ဖို့ လိုပါတယ်။ အရင်ကထက် ပိုပြီး ကြိုးစားဖို့လိုသလို ကိုယ့်ဝန်ထမ်းတွေမှာ ကိုယ်နဲ့မတူတဲ့ စိတ်ကူးအမြင်တွေ ရှိနိုင်တဲ့အတွက် သူတို့ရဲ့ အသံကိုလည်း နားထောင်ပေးဖို့ လိုပါတယ်။

မီဒီယာလောကဟာ ပြောင်းလဲနေပါတယ်။ ဒါပေမယ့် လာမယ့် လတွေ နှစ်တွေမှာ ဘယ်လိုအခြေအနေရှိမယ်ဆိုတာ ကျွန်မတို့ တပ်အပ်မသိနိုင်ပါဘူး။ အဲ့ဒီတော့ သတိထားပြီး ပျော့ပျော့ပြောင်းပြောင်းနဲ့သွားဖို့ လိုပါလိမ့်မယ်။

Rose Swe သည် မြန်မာနိုင်ငံရှိ Mango Media Group ၏ CEO ဖြစ်ပါသည်။

အသုံးစရိတ်လျှော့ချဖြတ်တောက်ခြင်း

ကိုဗစ်-၁၉ စဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ဝင်ငွေရှာဖွေတဲ့ အလုပ်တွေကို စလုပ်ခါစ ရှိပါသေးတယ်။ ကံဆိုးချင်တော့ အဲ့အလုပ် အများစုကို ရပ်လိုက်ရပါတယ်။ ဒါပေမယ့် ကံကောင်းချင်တော့ သတင်းတွေဆက်လုပ်ပြီး လုပ်ငန်းဆက်လည်ပတ်နိုင်လောက်အောင် အလှူရှင်တွေဆီက ထောက်ပံ့ငွေရထားလို့ လစာလျှော့ရတာတို့ ဝန်ထမ်းလျှော့ရတာတို့ အလုပ်တွေလျှော့ပစ်ရတာလို့ မရှိခဲ့ပါဘူး။ ပြီးတော့ ကျွန်တော်တို့က ဒစ်ဂျစ်တယ်သီးသန့်လုပ်နေတာဆိုတော့ ပုံနှိပ်မီဒီယာတွေ ကြုံတွေ့ရတဲ့ စိမ်ခေါ်မှုမျိုးတွေတော့ ကျွန်တော်တို့မှာ မရှိပါဘူး။
Myanmar Now

စစ်တမ်းပါမီဒီယာ ၃၂ ခုက အသုံးစရိတ်လျှော့ချဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည်။

မီဒီယာ ၁၃ ခုက လစာများ လျှော့ချခဲ့ပြီး ၈ ခုက ဝန်ထမ်းအင်အား လျှော့ချခဲ့သည်။ မီဒီယာ ၈ ခုက အလွတ်တန်းပေးပို့သည့် သတင်းများအတွက် အသုံးစရိတ်များကို လျှော့ချခဲ့သည်။

မီဒီယာ ၁၀ ခုက ခရီးသွားလာခြင်းနှင့် မြေပြင်ဆင်း၍ သတင်းယူခြင်းတို့ကို လျှော့ချခဲ့သည်။

မီဒီယာများအား ထိခိုက်စေသည့် ပြင်ပအကြောင်းရင်းခံ အများအပြားကို ၎င်းတို့ထိန်းချုပ်နိုင်သည့် အတိုင်းအတာတွင်း၌ မရှိသော်လည်း အသုံးစရိတ်လျှော့ချခြင်းကိုမူ ထိန်းချုပ်နိုင်ပါသည်။ ကပ်ရောဂါကြောင့် ထိခိုက်မှုကို ရေရှည်ရှောင်ကွင်းနိုင်ရန် အတွက် အသုံးစရိတ်လျှော့ချခြင်းကို မဖြစ်မနေ လိုအပ်သည်။ မီဒီယာ ၃၂ ခုသည် မတ်လနှင့် မေလကြားကာလအတွင်း ၎င်းတို့၏ လုပ်ငန်းလည်ပတ်စရိတ်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြတ်တောက်လျှော့ချမှုများ ပြုလုပ်ခဲ့သည်။ မီဒီယာ ၁၃ ခုက လစာများ လျှော့ချခဲ့ပြီး ၁၂ ခုက သတင်းစာစောင်ရေ လျှော့ချခဲ့ကြသည်။ မီဒီယာ ၄ ခုကမူ အလှူရှင်၏ ထောက်ပံ့ငွေရရှိ၍ဖြစ်စေ၊ အရောင်းမှ ဝင်ငွေအပေါ် မှီခိုမှုမပြု၍ဖြစ်စေ၊ အသုံးစရိတ်အနည်းငယ်မျှဖြင့် လုပ်ငန်းလည်ပတ်နေခဲ့၍ဖြစ်စေ မတ်လမှ မေလကြား ကာလအတွင်း အသုံးစရိတ် လျှော့ချမှု မပြုလုပ်ခဲ့ကြကြောင်း ဖြေဆိုခဲ့ကြပါသည်။

လာမည့်ကာလများတွင်လည်း ဖြတ်တောက်လျှော့ချမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်မည်ဟု မီဒီယာ ၃၆ ခုအနက် ၂၁ ခုက ခန့်မှန်းထားကြသည်။ မီဒီယာ ၁၅ ခုက နောက်ထပ်ဖြတ်တောက်လျှော့ချမှုများ ပြုလုပ်ရန် အစီအစဉ်မရှိဟု ဆိုပါသည်။ သို့သော်လည်း ယင်းမီဒီယာများအနက် ၁၃ ခုတွင် ကာလရှည်ထောက်ပံ့ငွေများ သို့မဟုတ် ကာလတို အရေးပေါ် ထောက်ပံ့ငွေများ သို့မဟုတ် ထောက်ပံ့ငွေနှစ်မျိုးလုံး ရရှိထားခြင်းကြောင့် လုပ်ငန်းမှဝင်ငွေဆုံးရှုံးမှုကို ခံနိုင်ရည်ရှိနေကြခြင်း ဖြစ်ပါသည်။

Cut or deferred costs due to COVID-19

လေ့လာတွေ့ရှိချက်များ

  • ကိုဗစ်-၁၉ ကြောင့် အသုံးစရိတ်ဖြတ်တောက်မှုပြုလုပ်သည့် ကဏ္ဍအရေအတွက်တွင် ပြည်တွင်းမီဒီယာများက ဒေသတွင်း မီဒီယာများထက် ပိုမိုများပြားသည်။ ယင်းသို့ပိုမိုများပြားရခြင်းမှာ ပြည်တွင်းမီဒီယာများ၌ ဝန်ထမ်းဦးရေပိုမိုများပြား၍ အသုံးစရိတ်လည်း ပိုများသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် မီဒီယာငယ်များနှင့်နှိုင်းယှဉ်ပါက ဖြတ်တောက်လျှော့ချမှု ပြုလုပ်ရသည့် ကဏ္ဍပိုမိုများပြားရခြင်း ဖြစ်ပါသည်။
  • အလယ်အလတ်အရွယ်အစားရှိသည့် မီဒီယာများနှင့်မီဒီယာငယ်များထက် မီဒီယာကြီးများ (ဝန်ထမ်းဦးရေ ၇၀-၁၅၀ ဦး) က ဝန်ထမ်းနှင့်မန်နေဂျာများ၏ လစာများ သာမက ဝန်ထမ်းဦးရေကိုလည်း ပိုမိုလျှော့ချမှု ပိုမိုပြုလုပ်ကြပါသည်။ ယင်းသို့ ပြုလုပ်ရခြင်းမှာ မီဒီယာ၏ အရွယ်အစားနှင့်ပိုမိုမြင့်မားသော လစာတို့ကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါသည်။

ဆက်လက်ဆောင်ရွက်ရန် လျာထားသောအရာများ

ကျွန်တော်တို့ကတော့ ပုံနှိပ်ဂျာနယ်ထုတ်တာကို ခဏ ရပ်ပြီး လုပ်ငန်းလည်ပတ်စရိတ်ကို လျှော့ချထားလိုက်ပါပြီ။ တကယ်လို့ ကပ်ရောဂါက ဆက်ဖြစ်နေရင် သို့မဟုတ် ပိုဆိုးလာရင် ကျွန်တော်တို့ လုပ်ငန်းတစ်ခုလုံးကို အနည်းဆုံး ယာယီတော့ ရပ်ထားရလိမ့်မယ်လို့ မှန်းတာပဲ။
မကွေးဂျာနယ်

ကိုဗစ်-၁၉ ကြောင့်ဖြစ်လာသော အခြေအနေကဲ့သို့သော မကြုံတွေ့ဖူးသည့် အခြေအနေမျိုးတွင် အနာဂတ်ကို ကြိုတင်မှန်းဆရသည်မှာ စိမ်ခေါ်မှုများက ပိုမိုများပြားပါသည်။ အကြပ်အတည်းကာလက မည်မျှကြာမြင့်မည်၊ ယင်း၏ သက်ရောက်မှုကို မည်မျှ ခံစားရမည်ကို အတိအကျ မသိနိုင်သဖြင့် ရေရှည်အစီအစဉ်များ ချမှတ်ရန် မဖြစ်နိုင်ပါ။ ဖြစ်နိုင်ခြေ အမျိုးမျိုးကို မှန်းဆကြည့်ရန် ရှေ့လုပ်ငန်းစဉ်များကို ပြန်လည်စဉ်းစားသုံးသပ်ခြင်း နှင့် လိုအပ်သလိုပြန်လည်ပြင်ဆင်ခြင်းတို့က အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရာတွင် အထောက်အကူဖြစ်စေမည့် နည်းလမ်းကောင်းတစ်ခု ဖြစ်လာနိုင်ပါသည်။

အောက်ပါဇယားပုံတွင် ကိုဗစ်-၁၉ ကြောင့် ဖြတ်တောက်လျှော့ချမှုများ ဆက်လက်လုပ်ဆောင်ရန် လိုအပ်ခြင်းရှိမရှိကို စစ်တမ်းဖြေဆိုသည့် မီဒီယာများအား မေးခွန်းထုတ်ခဲ့ပါသည် - မီဒီယာ ၂၁ ခုက လိုသည်ဟုဖြေ၍ ၁၅ ခုက မလိုအပ်ပါ ဟု ဖြေခဲ့ပါသည်။

Planning chart

လေ့လာတွေ့ရှိချက်များ

  • ပြည်တွင်းမီဒီယာကြီးများသည် ရုံးစရိတ် - ဉပမာ ရုံးခန်းငှားရမ်းခ သို့မဟုတ် ရုံးသုံးပစ္စည်းစရိတ် - ဖြတ်တောက်မှုများကို အခြားမီဒီယာများထက် ပြုလုပ်နိုင်ခြေ ပိုမိုနည်းပါးပါသည်။ ယင်းသို့နည်းပါးရခြင်းမှာ မီဒီယာကြီးများသည် ဝန်ထမ်းများအတွက် လုပ်ငန်းခွင်တွင်း နေရာချထားပေးမှုအပိုင်း၌ အပြောင်းအလဲလုပ်ရန် မလွယ်ကူသောကြောင့် ဖြစ်နိုင်ပါသည်။ စစ်တမ်းပါ ပြည်တွင်းမီဒီယာများအနက် ၃ ခု၏ အဆိုအရ ၎င်းတို့၏ ရုပ်သံလွှင့်ပစ္စည်းကိရိယာများအတွက် ရိုက်ကူး ထုတ်လုပ်သည့်နေရာကို ဆက်လက်ထားရှိရန် လိုအပ်ချက်ကလည်း ရှိနေပါသည်။ ဘက်ဂျက်အနည်းငယ်မျှဖြင့် လုပ်ငန်းလည်ပတ်နေရပြီ ဖြစ်သော်လည်း မီဒီယာငယ်အချို့အနေဖြင့် ရုံးစရိတ်များ ထပ်မံလျှော့ချရန် လိုအပ်မည်ဟု မှန်းဆနေကြပါသည်။

ထို့နောက် ဇွန်လနှင့် အောက်တိုဘာလများအတွင်း ကပ်ရောဂါအခြေအနေ ပိုဆိုးလာပါက ၎င်းတို့၏ အသုံးစရိတ်နှင့်ဝင်ငွေအရ မည်သို့ဖြစ်လာနိုင်သနည်းဟု စစ်တမ်းဖြေဆိုသူများအား မေးခွန်းထုတ်ခဲ့ပါသည်။ ယခုတစ်ကြိမ်တွင် မီဒီယာ ၁၂ ခုကသာ နောက်ထပ် မည်သည့်ဖြတ်တောက်မှုမျှ မပြုလုပ်ဘဲ ဆက်လက်ရပ်တည်နိုင်သည်ဟု ခန့်မှန်းချက်ပေးခဲ့ပါသည်။ ကျန် မီဒီယာ ၂၄ ခုကမူ အောက်ပါ အခြေအနေများကို ကြိုတင် မှန်းဆခဲ့ကြပါသည် -

  • နောက်ထပ် အသုံးစရိတ်လျှော့ချမှုများ ပြုလုပ်ရန်လိုအပ်သည်၊ မလျှော့ချပါက ဆက်လက်ရပ်တည်နိုင်ရန် ဝင်ငွေပိုမို ရရှိရန် လိုအပ်သည်ဟု မီဒီယာ ၁၁ ခုက မှန်းဆခဲ့ပါသည်။
  • အသုံးစရိတ်ကို ထပ်မံလျှော့ချသည့်တိုင် ဝင်ငွေပိုမိုတိုးအောင် ပြုလုပ်ရန်လိုအပ်သည်ဟု မီဒီယာ ၇ ခုက မှန်းဆခဲ့ပါသည်။
  • လုပ်ငန်းများ ယာယီ ရပ်စဲထားရန် လိုအပ်လိမ့်မည်ဟု မီဒီယာ ၅ ခုက မှန်းဆခဲ့ပါသည်။
  • နောက်ထပ် ဖြတ်တောက်မှု တစ်စုံတစ်ရာမပြုလုပ်ဘဲ ရပ်တည်နိုင်သည်ဟု မီဒီယာ ၁၂ ခုက မှန်းဆခဲ့ပါသည်။
  • လတ်တလောတွင် မရေရာသည့် အခြေအနေများကြောင့် ဘာဆက်ဖြစ်မည်ကို မမှန်းဆနိုင်ပါဟု မီဒီယာ ၁ ခုက ဆိုပါသည်။
Costs Revenues chart

လေ့လာတွေ့ရှိချက်များ

  • ကိုဗစ်-၁၉ ဆက်လက်ဖြစ်ပွားနေပါက (သို့) အခြေအနေ ပိုမိုဆိုးဝါးလာပါက နောက်ထပ်အပြောင်းအလဲများပြုလုပ်ရန် သို့မဟုတ် အသုံးစရိတ်လျှော့ချရန် လိုအပ်မည်ဟု ပြည်တွင်းမီဒီယာကြီးများ (ဝန်ထမ်းဦးရေ ၇၀-၁၅၀ ဦး) က မှန်းဆထားပါသည်။
  • ကိုဗစ်-၁၉ အခြေအနေ ပိုမိုဆိုးဝါးလာပါက နောက်ထပ်အပြောင်းအလဲများ (သို့) ဖြတ်တောက်လျှော့ချမှုများ မပြုလုပ်ဘဲ ဆက်လက်ရပ်တည်နိုင်မည်ဟု တိုင်းရင်းသားမီဒီယာများက ပိုမိုမှန်းဆကြပါသည်။ ယင်းသို့ဖြေဆိုရခြင်းမှာ ထိုမီဒီယာ ၁၈ ခုက ထောက်ပံ့ငွေ ရရှိထားသည့်အချက်ကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါသည်။

မီဒီယာပလက်ဖောင်းများ

ပုံနှိပ်မီဒီယာပလက်ဖောင်း

ကိုဗစ်-၁၉ ကြောင့် ပုံနှိပ်ပလက်ဖောင်းကို ကျွန်တော်တို့ ဦးစားမပေးနိုင်တော့ပါဘူး။ ဖြန့်ချီရေးတွေက အလုပ်မလုပ်ချင်တော့ဘူး။ ပုံနှိပ်စက်ကလည်း ပိတ်သွားတယ်။ ပို့ဆောင်ရေးလုပ်ပေးတဲ့သူကိုလည်း အားကိုးလို့ မရတော့ဘူး။ ဒစ်ဂျစ်တယ်ကို ဦးစားပေးရတော့မယ်ဆိုတဲ့အချက်ကို နောက်ဆုံးမှာ တွေ့လိုက်ရလို့ ဧပြီလမှာ ဝက်ဘ်ဆိုက်တစ်ခု ထောင်လိုက်ပါတယ်။ ဒါပေမယ့်လဲ ပရိတ်သတ်အတွက် အရှုံးခံပြီး ဂျာနယ်ကိုလည်း ဆက်ထုတ်နေပါသေးတယ်။
မုံရွာဂေဇက်

ကိုဗစ်-၁၉ မတိုင်မီက မီဒီယာ ၁၉ ခုတွင် ပုံနှိပ်သတင်းစာ တစ်စောင်စီ ရှိခဲ့ကြပါသည်။ မေလကုန်ဆုံးချိန်တွင် ယင်းမီဒီယာ ၁၉ ခုအနက် ၁၁ ခုကသာ ပုံနှိပ်ထုတ်ဝေနေဆဲဖြစ်ပြီး စောင်ရေအားဖြင့် ၁၀-၅၀% လျော့ကျသွားပါသည်။

ပုံနှိပ်မီဒီယာ ၄ ခုက ၎င်းတို့၏ သတင်းစာတွင် စာမျက်နှာအရေအတွက်ကို ၁၀-၄၀% အထိ လျှော့ချခဲ့ပါသည်။

စစ်တမ်းတွင်ပါဝင်သော မီဒီယာ ၃၆ ခုအနက် ၁၉ ခုတွင် ၂၀၂၀ ခုနှစ် မတ်လ ၁ ရက်နေ့အထိ ပုံနှိပ်သတင်းစာ ရှိခဲ့ကြပါသည်။ ၎င်းတို့ကြုံတွေ့ခဲ့ရသော စိမ်ခေါ်မှုများတွင် စောင်ရေတစ်ဖြည်းဖြည်းကျဆင်းလာခြင်း၊ ကြော်ငြာဝင်ငွေကျဆင်းလာခြင်း၊ ၎င်းတို့၏ ပုံနှိပ်သတင်းစာများကို ဖြန့်ချီရန်နှင့် ဖြန့်ချီရေးသမားများထံမှ ငွေကောက်ရန် ပိုမိုခက်ခဲလာခြင်းတို့ ဖြစ်ပါသည်။

စစ်တမ်းကာလအတွင်း၌ မီဒီယာ ၁၀ ခုက ၎င်းတို့၏ ပုံနှိပ်သတင်းစာများကို ရပ်စဲထားခဲ့ကြသည်။ မီဒီယာ ၂ ခုက အပြီးတိုင် ရပ်စဲ ခြင်းဖြစ်ပြီး ၈ ခုက ယာယီရပ်စဲခဲ့ခြင်း ဖြစ်ပါသည်။

Print edition chart Print media business chart

လေ့လာတွေ့ရှိချက်များ

  • စစ်တမ်းကာလအစတွင် ပုံနှိပ်သတင်းစာထုတ်ဝေသော မီဒီယာငယ် ၇ ခုက ကိုဗစ်-၁၉ ကြောင့် ထုတ်ဝေမှုကို ယာယီဖြစ်စေ အပြီးတိုင်ဖြစ်စေ ရပ်စဲခဲ့သည်။ အလယ်အလတ်အရွယ်အစားရှိ မီဒီယာ ၃ ခုကလည်း အလားတူ ရပ်စဲခဲ့ကြသည်။ စစ်တမ်းကောက်ယူမှုပြီးဆုံးချိန်ဖြစ်သော မေလ ၃၁ ရက်နေ့အထိ မီဒီယာ ၄ ခုက ပုံနှိပ်ထုတ်ဝေမှုကို ပြန်လည်စတင်နေပြီဖြစ်ပြီး ၆ ခုကမူ ဆက်လက် ရပ်စဲထားဆဲဖြစ်ပါသည်။
  • စစ်တမ်းစတင်ကောက်ယူသည့် မတ်လ ၁ ရက်နေ့တွင် ပုံနှိပ်သတင်းစာထုတ်ဝေသော ပြည်တွင်းမီဒီယာ ၅ ခုနှင့် တိုင်းရင်းသားပြည်နယ်များမှ ဒေသတွင်းမီဒီယာ ၇ ခုတို့သည် ကပ်ရောဂါကြောင့် စောင်ရေကျဆင်းခြင်းနှင့် ကြုံတွေ့နေရပါသည်။
မတ်လမှာ ကျွန်တော်တို့ရဲ့ အပတ်စဉ်ထုတ် ကုမုဒြာဂျာနယ်ကို ဆက်မထုတ်တော့ဖို့ ခက်ခက်ခဲခဲနဲ့ ဆုံးဖြတ်ခဲ့ရပေမယ့် ကျွန်တော်တို့ရဲ့ နောက်ဂျာနယ်တစ်စောင်ဖြစ်တဲ့ မော်ဒန်ကို ဆက်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မော်ဒန်က အပတ်စဉ်ထုတ် စီးပွားရေးသတင်းဂျာနယ်ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးလုပ်ငန်းတွေ ကြုံတွေ့နေရတဲ့ စိမ်ခေါ်မှုတွေအရ ကျွန်တော်တို့ အနေနဲ့ အရှုံးနဲ့ရင်ဆိုင်နေရပေမယ့် ဒီဂျာနယ်ကိုတော့ ဆက်ပြီးထုတ်ဖို့ အရေးကြီးတယ်လို့ ယူဆခဲ့ပါတယ်။
မော်ဒန်နှင့်ကုမုဒြာ

စစ်တမ်းပါ မီဒီယာ ၁၀ ခုက ၎င်းတို့၏ ပုံနှိပ်သတင်းစာများထုတ်ဝေမှုကို ကိုဗစ်-၁၉ ကြောင့် ဆိုင်းငံ့ထားခဲ့သည်။ မုံရွာဂေဇက်နှင့် The Voice Daily နှစ်ခုလုံးက ၎င်းတို့၏ သတင်းစာများကို ဧပြီလတွင် ယာယီ ရပ်စဲခဲ့ပြီးနောက် ပြန်လည် ထုတ်ဝေခဲ့ပါသည်။ နောက်ထပ် မီဒီယာ ၆ ခုက ၎င်းတို့၏ ပုံနှိပ်သတင်းစာများကို မတ်လမှ မေလအထိ ဆိုင်းငံ့ထားခဲ့ကြပြီး စစ်တမ်းပြီးဆုံးသည့် မေလ ၃၁ ရက်နေ့တွင်လည်း ဆိုင်းငံ့ထားဆဲပင်ဖြစ်ပါသည်။ ယင်းမီဒီယာများမှာ မကွေးဂျာနယ် (မတ်လ ၁ ရက်နေ့တွင် ရပ်စဲခဲ့သည်)၊ The Chinland Post (မတ်လ ၅ ရက်နေ့)၊ Khonumthung Media Group (မတ်လ ၁၅ ရက်နေ့)၊ ကုမုဒြာ (မတ်လ ၃၀ ရက်နေ့)၊ ကန္တာရဝတီတိုင်းမ် (ဧပြီလ ၁ ရက်နေ့)၊ Frontier Myanmar (ဧပြီလ ၉ ရက်နေ့) တို့ဖြစ်ပါသည်။ စစ်တမ်းကာလအတွင်း၌ မီဒီယာ ၂ ခုက ၎င်းတို့၏ ပုံနှိပ်သတင်းစာများထုတ်ဝေခြင်းကို အပြီးတိုင် ရပ်စဲခဲ့ပါသည်။ The Kachin Times/The 74 Media တို့က ၎င်းတို့၏ ပုံနှိပ်သတင်းစာကို ဧပြီလ ၁ ရက်နေ့တွင် အပြီးတိုင် ရပ်စဲခဲ့ပါသည်။ Shan Herald Agency for News က ၎င်းတို့၏ လစဉ်ထုတ် မဂ္ဂဇင်းကို မေလ ၃၁ ရက်နေ့တွင် အပြီးတိုင် ပိတ်သိမ်းခဲ့ပါသည်။ ယင်းမီဒီယာအားလုံးတွင် ဒစ်ဂျစ်တယ်ပိုင်းကို ဆက်လက် ထားရှိဆဲဖြစ်ပါသည်။

Print publication chart

စစ်တမ်းကာလအစတွင် ပုံနှိပ်သတင်းစာရှိခဲ့သော မီဒီယာ ၁၉ ခု၏ စောင်ရေ ပျမ်းမျှ ၅၆% ကျဆင်းသွားသည်ကို အောက်ပါဇယားကွက်တွင် ဖော်ပြထားပါသည်။ ပုံနှိပ်မီဒီယာငယ်များ (ပြည်တွင်းမီဒီယာ ၁ ခုနှင့်တိုင်းရင်းသားပြည်နယ်/ တိုင်းဒေသကြီးများမှ ဒေသတွင်းမီဒီယာ ၇ ခု) နှင့် တိုင်းရင်းသားပြည်နယ်/တိုင်းဒေသကြီးများမှ အလယ်အလတ်အရွယ်အစားရှိ မီဒီယာများ (၂ ခု) ၏ စောင်ရေကျဆင်းမှုက အဆိုးဆုံးဖြစ်ပြီး ပျမ်းမျှ ၆၀ % နှင့် ၆၁ % အသီးသီး ရှိပါသည်။

မီဒီယာအားလုံး၏ ပျမ်းမျှ

ပြည်တွင်းမီဒီယာများ

တိုင်းရင်းသားမီဒီယာများ

တိုင်းဒေသကြီးများမှ မီဒီယာများ

မီဒီယာငယ်များ (ဝန်ထမ်းဦးရေ ၁-၁၉ ဦး)

အလယ်အလတ်အရွယ်အစားရှိ မီဒီယာများ (ဝန်ထမ်းဦးရေ ၂၀-၆၉ ဦး)

မီဒီယာကြီးများ (ဝန်ထမ်းဦးရေ ၇၀ ဦးအထက်)

ဆုံးရှုံးသွားသောစောင်ရေ ပျမ်းမျှ %

ပုံနှိပ်သတင်းစာဆက်လက်ထုတ်ဝေနေသည့် မီဒီယာများအတွက် စိမ်ခေါ်မှုများအဖြစ် လစဉ်ဝယ်ဖတ်သူဦးရေ မရှိတော့ခြင်း၊ စောင်ရေ ကျဆင်းသွားခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့်ဖြန့်ချီရေးဆိုင်ရာ အခက်အခဲများကို တွေ့ရပါသည်။

Print distribution chart

လေ့လာတွေ့ရှိချက်များ

  • ကိုဗစ်-၁၉ ကြောင့် ဖြန့်ချီရေးသမားများက လုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုစိတ်မရှိတော့ခြင်း သာမက သတင်းစာဆိုင်နှင့်ဖြန့်ချီရေးကိုယ်စားလှယ်ဆိုင်များပိတ်လိုက်ခြင်းကလည်း အသေးစားနှင့်အလယ်အလတ်စား တိုင်းရင်းသားမီဒီယာလုပ်ငန်းများအပေါ် အများဆုံး သက်ရောက်မှုရှိခဲ့ပါသည်။
  • စစ်တမ်းစတင်ကောက်ယူချိန် (မတ်လ ၁ ရက်နေ့) တွင် ပုံနှိပ်သတင်းစာရှိသော တိုင်းရင်းသားမီဒီယာများက အခြားမီဒီယာများထက် စောင်ရေပိုမို ဖြတ်တောက်လျှော့ချခဲ့ရသည်။

ဒစ်ဂျစ်တယ်မီဒီယာပလက်ဖောင်း

ကပ်ရောဂါစဖြစ်တဲ့အချိန်ကစပြီး ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်ပရိတ်သတ်က ၂၅% တိုးလာပါတယ်။ ဒါကလည်း ကျွန်တော်တို့က ဒစ်ဂျစ်တယ်ပိုင်းကို အခုမှစပြီး အလေးထားလို့ပါ။ ဉပမာ ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်မှာတင်တာတွေ ပိုများလာပြီး ဗွီဒီယိုတွေလည်း ပိုရိုက်ဖြစ်လာပါတယ်။ ကျွန်တော်တို့က ပုံနှိပ်သတင်းစာကိုပဲ ဦးစားပေးခဲ့တော့ ဒစ်ဂျစ်တယ်ပိုင်းက ကျွန်တော်တို့ အတွက် မလွယ်ပါဘူး။ ဒါပေမယ့်လည်း လုပ်ရမှာပဲလေ။
Dawei Watch

စစ်တမ်းတွင်ပါဝင်သော မီဒီယာ ၃၆ ခုထဲက ၃၂ ခုက မတ်လမှ မေလအထိ ကာလအတွင်း ၎င်းတို့၏ ဒစ်ဂျစ်တယ်ပရိတ်သတ် တိုးလာသည်ဟုဆိုပါသည်။ မီဒီယာ ၈ ခုတွင် ၁၀% တိုးလာပြီး အခြား ၁၅ ခုတွင် ၁၅-၃၀% တိုးလာပါသည်။ မီဒီယာ ၆ ခုတွင် ဒစ်ဂျစ်တယ်ပရိတ်သတ်ပမာဏ ၅၀% တိုးလာပြီး အခြား ၃ ခုတွင်မူ ၆၀-၉၀% အထိ တိုးလာခဲ့ပါသည်။

Digital audience chart

စစ်တမ်းတွင် ပါဝင်ခဲ့သော မီဒီယာ ၃၆ ခုတွင် ပျမ်းမျှအားဖြင့် ဒစ်ဂျစ်တယ်ပရိတ်သတ်ဦးရေ ၂၄% တိုးလာခဲ့သည်။ အကြီးဆုံး ပြည်တွင်းမီဒီယာ (ဝန်ထမ်းဦးရေ ၇၀-၁၅၀ ဦး) ၃ ခုတွင် ပျမ်းမျှ ၄၅% ဖြင့် ပရိတ်သတ်ဦးရေ အများဆုံး တိုးလာခဲ့သည်။

မီဒီယာလုပ်ငန်းအားလုံးအတွက် ပျမ်းမျှ

ပြည်တွင်းမီဒီယာများ

တိုင်းရင်းသားမီဒီယာများ

တိုင်းဒေသကြီးများမှ မီဒီယာများ

မီဒီယာငယ်များ (ဝန်ထမ်းဦးရေ ၁-၁၉ ဦး)

အလယ်အလတ်အရွယ်အစားရှိသော မီဒီယာများ (ဝန်ထမ်းဦးရေ ၂၀-၆၉ ဦး)

မီဒီယာကြီးများ (ဝန်ထမ်းဦးရေ ၇၀ အထက်)

ဒစ်ဂျစ်တယ်ပရိတ်သတ်တိုးလာသည့် ပျမ်းမျှ %

စစ်တမ်းပါ မီဒီယာ ၁၉ ခုက မတ်လမှ ဇွန်လ ကာလအတွင်း ၎င်းတို့၏ သတင်းအရည်အသွေးကို ပိုမိုတိုးတက်အောင် ပြုလုပ်နိုင်ခဲ့သည်ဟုဆို၍ မီဒီယာ ၁၆ ခုကမူ အရည်အသွေး ပိုမိုကျဆင်းသွားခဲ့သည်ဟု ဆိုပါသည်။

မီဒီယာ ၄ ခုက စစ်တမ်းကာလအတွင်း ဒစ်ဂျစ်တယ်ပလက်ဖောင်းသစ်များကို စတင်အသုံးပြုခဲ့သည်။

Digital output chart

လေ့လာတွေ့ရှိချက်များ

  • ပြည်တွင်းမီဒီယာများ (မီဒီယာကြီးများမှ အငယ်များအထိ ပါဝင်သည်) သည် အခြားသူများနှင့်နှိုင်းယှဉ်ပါက တင်ဆက်မှု ပမာဏကို များစွာပိုမိုတိုးမြှင့်ခဲ့သည်။
  • မည်သည့်မီဒီယာ သို့မဟုတ် မီဒီယာကြီးများကမျှ ၎င်းတို့၏ တင်ဆက်မှုပမာဏကို လျှော့ချမှုမလုပ်ခဲ့ပါ။ သို့သော်လည်း တိုင်းရင်းသားပြည်နယ်နှင့်တိုင်းဒေသကြီးများက မီဒီယာငယ် ၁၆ ခုက ၎င်းတို့၏ တင်ဆက်မှုပမာဏကို လျှော့ချခဲ့ပါသည်။

ရုပ်သံလွှင့်မီဒီယာပလက်ဖောင်း

အပတ်စဉ်တိုင်းတာချက်တွေအရ ကိုဗစ်နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ တီဗွီပရိတ်သတ်က မှန်မှန်လေး တိုးလာပါတယ်။ ကျွန်တော်တို့က ထိပ်ဆုံး ၅ ခုထဲမှာ ရောက်နေပါတယ်။
Mizzima

မီဒီယာ ၁ ခုက ၎င်းတို့၏ အွန်လိုင်းတီဗွီကို ပိတ်သိမ်းခဲ့သည်။

မီဒီယာ ၂ ခုက အွန်လိုင်းတီဗွီအစီအစဉ်သစ်များကို စတင်ထုတ်လွှင့်ခဲ့သည်။

စစ်တမ်းတွင် ဖြေဆိုခဲ့သည့် မီဒီယာ ၃၆ ခုအနက် ၂၀ က မတ်လမှ မေလကာလအတွင်း ရုပ်သံလွှင့်မှုတစ်မျိုးမျိုးကို အခမဲ့ ဒစ်ဂျစ်တယ်တီဗွီလိုင်း သို့မဟုတ် ဂြိုလ်တု/ကေဘယ်တီဗွီလိုင်းဖြင့် လည်းကောင်း၊ အွန်လိုင်းတီဗွီမှသည် podcast များ/အွန်လိုင်း ရေဒီယိုဖြင့်လည်းကောင်း တင်ဆက်ခဲ့ပါသည်။ အွန်လိုင်းတီဗွီနှင့်ရေဒီယို ဆိုသည်မှာ လူတစ်ဦးက တင်သော ဗွီဒီယို သို့မဟုတ် အသံဖိုင်များနှင့်မတူဘဲ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘွတ်နှင့် YouTube တို့တွင် အချိန်မှန် ထုတ်လွှင့်ပေးခြင်း ဖြစ်ပါသည်။ အောက်ပါဇယားတွင် မီဒီယာတစ်ခုက ၎င်းတို့၏ အွန်လိုင်းတီဗွီကို ကပ်ရောဂါကာလတွင်း၌ ရပ်ဆိုင်းခဲ့သည်ဟု ဆိုပါသည်။ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် ပြုလုပ်ထားသော အင်တာဗျူးကို တင်ဆက်ပြီးနောက် ယင်းမီဒီယာတည်ထောင်သူအား အကြမ်းဖက်မှုစွဲချက်များဖြင့် ဖမ်းဆီးသွားသဖြင့် ယင်းအွန်လိုင်းတီဗွီကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်ပါသည်။

Television channels chart
စစ်တမ်းတွင် ပါဝင်ခဲ့သည့် ရုပ်သံလွှင့်မီဒီယာပလက်ဖောင်းများရှိသော မီဒီယာများ -

အွန်လိုင်းရေဒီယို သို့မဟုတ် Podcast Chinland Herald, Frontier Myanmar, Karen Information Center, Shan Herald Agency for News

အွန်လိုင်းတီဗ 7 Day, Chin World Media, Development Media Group, DVB Multimedia Group, Kachin News Group, The Kachin Times/The 74 Media, Kantarawaddy Times, Khonumthung Media Group, Mizzima News, Mon News Agency, Monywa Gazette, Myitkyina News Journal, The Hakha Post, The Voice Daily, The Voice Journal

အခမဲ့ဒစ်ဂျစ်တယ်တီဗွီ DVB Multimedia Group, Mizzima News

ဂြိုလ်တုတီဗွီ DVB

ကေဘယ်တီဗ IVision

Television output chart

ပရိတ်သတ်

ကိုဗစ်-၁၉ စဖြစ်ကတည်းက ကျွန်တော်တို့ရဲ့ ပရိတ်သတ်တွေက ကျွန်တော်တို့ကို ခါတိုင်းထက်ပိုပြီး အားကိုးလာကြတယ်။ ဖုန်းဆက်တာပဲဖြစ်ဖြစ်၊ မက်ဆေ့ပို့တာပဲဖြစ်ဖြစ်၊ ရုံးကိုလာတာပဲဖြစ်ဖြစ်၊ ကပ်ရောဂါကြီးနဲ့ပတ်သက်လို့ သူတို့ကြားထားတဲ့ သတင်းတွေ မှန်မမှန် ပြန်မေးတာပဲဖြစ်ဖြစ်၊ သူတို့ရွာတွေမှာ ဖြစ်သွားတဲ့အဖြစ်အပျက်တွေကို သတင်းအနေနဲ့ တင်ပေးဖို့ပဲဖြစ်ဖြစ် လုပ်လာကြပါတယ်။
Delta News Agency

မီဒီယာ ၂၇ ခုက ပရိတ်သတ်နှင့် ပိုမိုထိတွေ့ဆက်ဆံခဲ့သည်။

မီဒီယာ ၃၂ ခု၏ ဒစ်ဂျစ်တယ်ပိုင်းတွင် ပရိတ်သတ်ပိုတိုးလာသည်။

မီဒီယာ ၂ ခု၏ တီဗွီပရိတ်သတ်များ တိုးလာသည်။

Audience chart

ကမ္ဘာတစ်ဝှမ်းမှ မီဒီယာများကဲ့သို့ပင် စစ်တမ်းပါ မီဒီယာ ၃၆ ခုအနက် ၃၂ ခု၏ ဒစ်ဂျစ်တယ်ပရိတ်သတ်များတိုးလာပါသည်။ မီဒီယာ ၂ ခုတွင် တီဗွီပရိတ်သတ်များလည်း တိုးလာပါသည်။ ကပ်ရောဂါမဖြစ်ပွားမီကနှင့် နှိုင်းယှဉ်လျှင် ပရိတ်သတ်များသည်လည်း မီဒီယာများနှင့် ပိုမိုတုံ့ပြန်ဆက်ဆံလာသည်ကို စစ်တမ်းတွင် တွေ့ရပါသည် - မီဒီယာ ၂၇ ခုက ၎င်းတို့၏ ပရိတ်သတ်များနှင့် ပိုမို ထိတွေ့ဆက်ဆံမှုရှိလာသည်ဟု ဆိုပါသည်။ ကိုဗစ်-၁၉ သတင်းသိရှိလိုခြင်းကြောင့် ပရိတ်သတ်ပိုတိုးလာသည့်တိုင် အချိန်ကြာလာသည်နှင့်အမျှ ပြန်လည်ကျဆင်းသွားနိုင်သဖြင့် ယင်းသို့ထိတွေ့ဆက်ဆံမှုတိုးလာခြင်းက ယာယီမျှသာဖြစ်နေသော်လည်း အခွင့်အရေးကို အမိအရယူရန် အသင့်ဖြစ်နေသည့်မီဒီယာများအနေဖြင့် ရှိရင်းစွဲ ပရိတ်သတ်များနှင့် သာမက ပရိတ်သတ်သစ်များနှင့်ပါ ဆက်ဆံရေးတည်ဆောက်နိုင်မည်ဖြစ်ပါသည်။ ယင်းဆက်ဆံရေးက ကပ်ရောဂါလွန်မြောက်ပြီးနောက် အချိန်များစွာကြာမြင့်သည်အထိ တည်တံ့နိုင်ပါသည်။

သတင်းတင်ဆက်မှု

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ အကြောင်း သတင်းတင်ဆက်ရတာ တော်တော်လေး ခက်ခဲပါတယ်။ ကပ်ရောဂါနဲ့ ပတ်သက်နေသူတွေလိုပဲ ကျွန်တော်တို့မှာလည်း အကန့်အသတ်တွေရှိပါတယ်။ ဒါ့အပြင် လက်တလောဖြစ်နေတဲ့ ပဋိပက္ခကြောင့် လှုပ်ရှားသွားလာမှုတွေအပေါ် ကန့်သတ်ထားတာတွေနဲ့လည်း ရင်ဆိုင်ရပါတယ်။ ပြီးတော့လည်း ရခိုင်မြောက်ပိုင်းမှာ အစိုးရက အင်တာနက်တွေပိတ်ထားတဲ့အတွက် ဆက်သွယ်ရတာနဲ့ သတင်းယူရတာတွေမှာလည်း အခက်အခဲတွေ ရှိပါတယ်။
Development Media Group

မီဒီယာ ၃၄ ခုက ကိုဗစ်-၁၉ သတင်းများကို အဓိက တင်ဆက်ကြသည်။

မီဒီယာ ၂၃ ခုက ဒေသတွင်းသတင်းများတင်ဆက်မှု လျော့ကျသွားသည်။

မီဒီယာ ၂၂ ခုက ကိုယ်တိုင်လိုက်သည့် သတင်းများတင်ဆက်မှု လျော့ကျသွားသည်။

ကပ်ရောဂါကြောင့် မီဒီယာများ၏ သတင်းထုတ်လုပ်တင်ဆက်မှုအပေါ် ကြီးမားစွာ သက်ရောက်မှုရှိခဲ့ပါသည်။ မီဒီယာ ၃၄ ၏ အဆိုအရ မတ်လမှ မေလအထိ ကာလအတွင်း၌ ကိုဗစ်-၁၉ အကြောင်းက လွှမ်းမိုးနေခဲ့ပါသည်။ မီဒီယာ ၂၃ ခုက ဒေသတွင်းနှင့် ရပ်ရွာသတင်းများ ထုတ်လုပ်မှုကျဆင်းသွားသည်ဟု ဆိုပါသည်။ မီဒီယာ ၂၂ ခုက ကိုယ်တိုင်လုပ်သည့် သတင်းများ လျော့ကျသွားသည်ဟု ဆိုပါသည်။ ယင်းအခြေအနေမျိုးကို မျှော်လင့်မထားသော်လည်း အခြားသော ပရိတ်သတ် စိတ်ဝင်စားမည့် အကြောင်းအရာများအတွက် ရင်းမြစ်များ အသုံးပြုမှု ပိုမိုနည်းပါးသွားပါသည်။ အောက်ပါ ဘေးကင်းလုံခြုံရေးအကြောင်းတွင် ရှင်းပြထားသည့်အတိုင်း စောင့်ကြည့်ခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ ဒေသအာဏာပိုင်များနှင့်စီးပွားရေးသမားများ၏ တရားစွဲဆိုခံရခြင်းတို့ကလည်း ကိုဗစ်-၁၉ ကာလ၌ စောင့်ကြည့်ရန် တာဝန်ရှိသည့် မီဒီယာများ၏ အခန်းကဏ္ဍအပေါ်လည်း ရံဖန်ရံခါ ထိခိုက်မှုများရှိပါသည်။ အကျိုးဆက်အနေဖြင့် အတိမ်းအစောင်းမခံဟု မီဒီယာများကယူဆသည့် သတင်းများကို ကြိုတင်တည်းဖြတ်မှုများ ဖြစ်လာပါသည်။

Editorial chart

လေ့လာတွေ့ရှိချက်များ

  • တိုင်းရင်းသားပြည်နယ်များနှင့်တိုင်းဒေသကြီးများမှ ဒေသတွင်းမီဒီယာများသည် မတ်လမှ မေလအထိ ကာလအတွင်း၌ ပြည်တွင်းမီဒီယာများကဲ့သို့ ကိုယ်တိုင်လိုက်သည့် သတင်းများနှင့် ဒေသတွင်းရပ်ရွာသတင်းပုဒ်ရေ အများအပြား တင်ဆက်နိုင်ခြင်း မရှိပါ။
  • ပြည်တွင်းမီဒီယာကြီး ၄ ခုက ကိုဗစ်-၁၉ မဖြစ်မီကအတိုင်း ကိုယ်တိုင်လိုက်သည့် သတင်းပုဒ်ရေအများအပြားကို တင်ဆက်နိုင်ဆဲဖြစ်ပါသည်။

Tosca Santoso – စီးပွားရေးလုပ်ငန်းပိုင်း အနီးကပ်သင်ပြပေးခြင်း၊ ကိုဗစ်-၁၉ နှင့် တတိယနည်းလမ်း

ဧပြီလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ တွေ့ဆုံရန် ချိန်းဆိုထားပါသည်။ MDIF ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်သည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် နည်းပြများက မိတ်ဖက်မီဒီယာများနှင့် တစ်နှစ်လျှင် အနည်းဆုံး ၄ ကြိမ် တွေ့ဆုံကြ၍ တစ်ကြိမ်လျှင် နှစ်ရက်ခန့် ကြာမြင့်လေ့ရှိပါသည်။ အစည်းအဝေးများပြုလုပ်ကြသည်။ နေ့လယ်စာ အတူစားသုံးကြသည်။ ရံဖန်ရံခါ နေ့လယ်ခင်း အတူလမ်းလျှောက်ကြသည်။ ပေါ့ပေါ့ပါးပါး ရှိသော်လည်း မျက်နှာချင်းဆိုင် အကြိတ်အနယ် ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ကြသည်။ ဦးတည်ချက်များချ၍ ပြည့်မှီနိုင်မည့် ဗျူဟာများရေးဆွဲကြသည်။ ရှေ့လုပ်ငန်းစဉ်ကို သဘောတူဆုံးဖြတ်ကြသည်။ ငွေစီးဆင်းမှုကို စောင့်ကြည့်ကြသည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ကိုဗစ်-၁၉ ကြောင့် ကျွန်မတို့ ရှေ့မဆက်နိုင်တော့ပါ။

ကိုဗစ်-၁၉ သည် မီဒီယာလုပ်ငန်းတွင် မမျှော်လင့်ထားသော ကမောက်ကမအခြေအနေကို ဖြစ်ပေါ်စေခဲ့ပါသည်။

ကိုဗစ်-၁၉ မတိုင်မီက အထူးသဖြင့် တိုင်းရင်းသားပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ဒေသတွင်းမီဒီယာများအနေဖြင့် ကြော်ငြာရရန် အခက်အခဲများက အမြဲရှိခဲ့သော်လည်း ကျွန်မတို့၏ အစီအစဉ်မှတဆင့် မီဒီယာများမှ တာဝန်ရှိသူများသည် အမြော်အမြင်ရှိစွာဖြင့် ငွေကြေးအရစီမံခန့်ခွဲမှုပြုလုပ်ပါက ရှေ့ဆက်တက်လှမ်းနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် ၎င်းတို့၏ ငွေကြေးအရ လွတ်လပ်စွာ ရပ်တည်နိုင်မှုကို ပိုမိုခိုင်မာလာစေရန် ကြိုးပမ်းကြသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပါသည်။ ဉပမာ ပြင်းပျသော NGO စိတ်ဓာတ်အခံနှင့် အလှူရှင်ထံမှ ထောက်ပံ့ငွေရရှိသည့် အစဉ်အလာရှိသည့် မီဒီယာတစ်ခုက ဈေးကွက်ချဲ့ထွင်မှုပြုလုပ်ရန် အလေးအနက် စတင်စဉ်းစားလာပါသည်။ ဂျာနယ်ရောင်း၍လည်းကောင်း၊ ကြော်ငြာဖြင့်လည်းကောင်း ဝင်ငွေရပေါက်ရလမ်းများ ဖန်တီးရန် ကြိုးပမ်းလာပါသည်။ ဈေးနှုန်းစာရင်းတစ်ခုကို ပထမဆုံးရေးဆွဲဖန်တီး၍ ကြော်ငြာရှင်များထံ ချဉ်းကပ်မှုများ ပြုလုပ်လာပါသည်။ ဖြန့်ချီရေးကို ပိုမိုတိုးတက်ကောင်းမွန်အောင်ပြုလုပ်၍ ငွေသိမ်းသည့်စနစ်တစ်ရပ်ကိုလည်း စတင်အကောင်အထည်ဖော်ခဲ့ပါသည်။

သို့ပါသော်လည်း ပထမဆုံး ကိုဗစ်-၁၉ လူနာများ တွေ့ရှိကြောင်း မြန်မာအစိုးရကကြေညာလိုက်ချိန်တွင် လျင်မြန်စွာပင် အရာရာ ရှုပ်ထွေးကုန်ပါသည်။ အစည်းအဝေးများ ဖျက်သိမ်းလိုက်ရသည်။ လုပ်ငန်းအစီအစဉ်များက ဖရိုဖရဲ ဖြစ်ကုန်သည်။ ဖြန့်ချီရေးသမားများက သတင်းစာရောင်းရန် စိတ်မပါတော့ပါ။ လူချင်းခွာ၍ နေထိုင်ရခြင်းနှင့်နေအိမ်မှ အလုပ်ဆင်းရခြင်းတို့က ဖြန့်ချီရေးလုပ်ငန်းကို ချိနဲ့သွားစေခဲ့သည်။ ပုံနှိပ်သတင်းစာ/စာစောင်များမှ တဆင့် ကိုဗစ်-၁၉ ကူးစက်နိုင်သည်ဟူသည့် ကောလာဟလကြောင့်လည်း ဖြန့်ချီရေးများ တုံ့ဆိုင်းသွားခဲ့ပါသည်။ ဒေသတွင်းသတင်းစာထုတ်သည့် မိတ်ဆွေများက “တစ်ချို့ ဖြန့်ချီရေးတွေက သူတို့ကူးမှာကြောက်လို့ ကျွန်တော်တို့ ဂျာနယ်ကို ရောင်းမပေးတော့ဘူး” ဟု ဆိုပါသည်။ ပုံနှိပ်သတင်းစာ အရေအတွက် အကြီးအကျယ် ကျဆင်းသွားခဲ့သည်။ ကိုဗစ်-၁၉ ကြောင့် ကျဆင်းသွားသည့်အရေအတွက်က လွန်ခဲ့သော ၃ နှစ် အတွင်း တိုးလာသည့်အရေအတွက်ထက် ပိုမိုများပြားနေသဖြင့် ဝမ်းနည်းဖွယ်ကောင်းလှပါသည်။

နောက်တစ်ကြိမ် တိုက်ခိုက်မှုက ကြော်ငြာဘက်မှ ရောက်ရှိ၍ လာပြန်ပါသည်။ MDIF ၏ စစ်တမ်းရလဒ်များတွင် တွေ့မြင်ရသည့်အတိုင်း စစ်တမ်းပါ မီဒီယာ ၃၆ ခုအနက် ၃၂ ခုတွင် ကြော်ငြာဝင်ငွေဆုံးရှုံးသွားခဲ့သည်။ မီဒီယာထက်ဝက်ခန့်က ၎င်းတို့၏အနေဖြင့် ဝင်ငွေ ၇၅% အထိ ဆုံးရှုံးသွားခဲ့သည်ဟု ဆိုပါသည်။ ယင်းပမာဏက ကြီးမားလွန်းသဖြင့် အချိန်တိုအတွင်း ပြန်လည်ကုစားနိုင်မည်မဟုတ်ပါ။ ကြော်ငြာရှင်နှင့်အေဂျင်စီများ ပြန်လည်ထူထောင်လာရန် မည်မျှကြာမြင့်မည်ကိုလည်း ရှင်းလင်းစွာ မသိနိုင်ပါ။ ကိုဗစ်-၁၉ ကပ်ရောဂါကြီးကြောင့် ဦးစားပေးအစီအစဉ်များလည်း ပြောင်းလဲကုန်ပါသည်။ စီးပွားရေး လုပ်ရသည့် ပတ်ဝန်းကျင်အခြေအနေက အလွန်ပင် မရေရာလှသဖြင့် များသောအားဖြင့် ကြော်ငြာအတွက် သုံးစွဲလေ့ရှိသည့် ကုမ္ပဏီများက ယခုအခါ ၎င်းတို့၏ ငွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြပါသည်။ မိတ်ဖက်မီဒီယာအဖွဲ့အစည်းများအတွက် အထောက်ဖြစ်စေရန် ကိုဗစ်-၁၉ လူထုအကျိုးပြုကြော်ငြာ (PSA) အစီအစဉ်တစ်ရပ်ကို MDIF က စတင်ဖော်ဆောင်ခဲ့ပါသည်။ ယင်းအစီအစဉ်တွင် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်သည့်အပိုင်းလည်း ပါဝင်ပါသည်။ သို့သော်လည်း လိုအပ်ချက်များက အလွန်ပင် ကြီးမားများပြားလှပါသည်။

ကမ္ဘာတစ်ဝှမ်းရှိ နေရာတိုင်းတွင် ကြုံတွေ့နေသကဲ့သို့ပင် မြန်မာမီဒီယာများသည်လည်း မတ်လမှ မေလအထိ ကာလအတွင်း၌ ဝင်ငွေထွက်ငွေပြဿနာကို ကြီးမားစွာ ရင်ဆိုင်ခဲ့ရပါသည်။ ထုံးစံအတိုင်း ကျွန်မတို့ နည်းပြများက မိမိတာဝန်ယူထားသည့် မီဒီယာများအား အသုံးစရိတ်လျှော့ချရန် စတင်ပြောဆိုရပါတော့သည်။ သို့သော်လည်း အသုံးစရိတ်လျှော့ချရန်ကား မလွယ်ကူလှပါ။ အထူးသဖြင့် လုပ်ငန်းလည်ပတ်ငွေ နည်းပါးသောမီဒီယာများအတွက် မလွယ်ကူလှပါ။ ပုံနှိပ်သတင်းစာထုတ်သည့် မီဒီယာများအတွက် အကြီးမားဆုံးစရိတ်နှစ်ခုမှာ ယေဘုယျအားဖြင့် ပုံနှိပ်ခနှင့်ဝန်ထမ်းလစာများ ဖြစ်ပါသည်။ စောင်ရေကျသွားသဖြင့် ပုံနှိပ်ခတွင်လည်း လျင်မြန်စွာ ကျသွားပြီး အချို့ဖြစ်စဉ်များတွင် ပုံနှိပ်သတင်းစာများကို ယာယီ သို့မဟုတ် အပြီးတိုင် ရပ်စဲလိုက်ရခြင်းများလည်း ရှိပါသည်။ ဝန်ထမ်းလစာလျှော့ရသည်က ပို၍ပင် ခက်ခဲလှပါသည်။ တိုင်းရင်းသားပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ဒေသတွင်းမီဒီယာများအား ဦးဆောင်လုပ်ကိုင်နေသူများသည် မိမိကိုယ်ကို ဝန်ထမ်းများအား စောင့်ရှောက်သူအဖြစ်လည်းကောင်း၊ ဝန်ထမ်းများအပေါ် မိသားစုကဲ့သို့လည်းကောင်း ရှုမြင်လေ့ရှိကြသည်။ အချို့အတွက်မူ လစာလျှော့ချခြင်းက မဖြစ်နိုင်သောအရာတစ်ခု ဖြစ်နေပါသည်။

သို့သော်လည်း မိသားစုအတွက်ဖြစ်သည့်အလျှာက် ဆန်းသစ်သော ချဉ်းကပ်ပုံကို ရွေးချယ်၍ ရနိုင်ပါသည်။ တိုင်းဒေသကြီးတစ်ခုရှိ ဒေသတွင်းမီဒီယာတစ်ခု၏ CEO တစ်ဦးက ကုမ္ပဏီကို ထောက်ပံ့ရန် အခွင့်အရေးတစ်ခုကို ဝန်ထမ်းများအား ကမ်းလှမ်းခဲ့ပါသည်။ ၎င်းတို့၏ လစာများကို ဖြတ်တောက်မည်မဟုတ်ဘဲ ယခုကဲ့သို့ ခက်ခဲသောအချိန်တွင် မိမိကုမ္ပဏီအား အထောက်အကူပြုရန် လစာငွေအချို့ကို ပြန်လည်ထည့်ဝင်လိုက ထည့်ဝင်နိုင်မည့်အခွင့်အရေး ဖြစ်ပါသည်။ ထည့်ဝင်မည့်ပမာဏကို ညှိနှိုင်း၍ရပြီး ဝန်ထမ်းတစ်ဦးချင်း၏ ငွေရေးကြေးရေးအခြေအနေနှင့် ကုမ္ပဏီရှိ ၎င်း၏ရာထူးအပေါ် မူတည်ပါသည်။ ရာထူးကြီးသော မန်နေဂျာများက ပိုမိုထည့်ဝင်မည်ဟု မျှော်လင့်ချက်ထားပါသည်။ ကုန်ကျစရိတ်ကို လျှော့ချရာတွင် ယင်းသို့ မိသားစုဆန်ဆန်သွားသည့် ချဉ်းကပ်ပုံက ထိရောက်မှုရှိသည်ကို တွေ့ရှိရသည့်အပြင် စည်းလုံးမှု၊ ဝင်ဆန့်မှုနှင့်ပိုင်ဆိုင်မှုဟူသော အသိစိတ်ကိုလည်း ဖြစ်ပေါ်စေပါသည်။

စစ်တမ်းဖြေဆိုသူအများစုက အရေးပေါ်ထောက်ပံ့ငွေတောင်းခံရန် အလှူရှင်များထံ အဆိုပြုလွှာတင်ခဲ့ကြပြီး မီဒီယာအများအပြားက ထောက်ပံ့ငွေများ ရရှိခဲ့ကြပါသည်။ ကြော်ငြာရှင်များထံမှ ရရှိသောဝင်ငွေများ ရပ်စဲသွားချိန်တွင် ဂျာနယ်ရောင်းချသည့်အလုပ်က ပိုမိုခက်ခဲလာပါသည်။ အခမ်းအနား ကဲ့သို့သော အရေးပါသည့် အခြားစီးပွားရေးလုပ်ဆောင်မှုများကို ရပ်တန့်လိုက်ရချိန်တွင် အလှူရှင်များထံမှ ယင်းထောက်ပံ့ငွေများက ကယ်ဆယ်ရေးလှေသဖွယ်ဖြစ်သွားပြီး မီဒီယာများ မနစ်မြုပ်စေရန် ထောက်ကူပေးထားပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါသည် ချိနဲ့သွားစေသည့် မိုးကြိုးစစ်ဆင်ရေးနှင့် တူပါသည်။ သို့သော်လည်း ကာကွယ်ဆေးကလည်း မရရှိနိုင်သေးချိန်၊ အန္တရာယ်ကလည်း ရှိနေသေးချိန်မှာပင် လူအများက ၎င်းတို့၏ ပုံမှန်လုပ်ဆောင်နေကျအရာများကို ထင်ထားသည်ထက် မြန်ဆန်စွာ ပြန်လည်လုပ်ဆောင်လာကြပါသည်။ စိုးရိမ်ပူပန်မှုနှင့်မသေချာမရေရာမှုတို့ကို တဖြည်းဖြည်း ချန်ထားရစ်ခဲ့ပြီဖြစ်ပါသည်။ လူအများက ရှေ့ဆက်သွားနေကြပါပြီ။ တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်မြို့တွင် သတင်းစာဆိုင်များနှင့်စားသောက်ဆိုင်များကို ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ပါသည်။ အခြားသော မြို့များတွင်လည်း အလားတူ ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ပါသည်။ ဇူလိုင်လ ၁ ရက်နေ့တွင် Dawei Watch ဝန်ထမ်းများ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခဲ့ကြသည်။ ဂျာနယ်ရောင်းအား ပုံမှန်အခြေအနေသို့ မကြာမီ ပြန်လည်ရောက်ရှိမည်ဟု ၎င်းတို့က မျှော်လင့်နေကြပါသည်။

စီးပွားရေးပုံစံများစွာက ကြော်ငြာပေါ် အမှီပြုထားကြသော်လည်း ပြန်လည်နာလန်ထူရန် အခက်ခဲဆုံးဖြစ်နေမည် ဖြစ်ပါသည်။ ဒစ်ဂျစ်တယ်ကြော်ငြာများမှ မျှော်လင့်ချက်အချို့ရကောင်းရလာနိုင်ပါသည်။ ဉပမာ YouTube ချန်နယ်များမှ ရရှိသောဝင်ငွေမျိုးမှ ဖြစ်ပါသည်။ ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ မီဒီယာများစွာသည် ၎င်းတို့၏ ဒစ်ဂျစ်တယ်ပလက်ဖောင်းများ ပိုမိုတိုးတက်လာစေရန် ရင်းနှီးမြှုပ်နှံမှုများကို စတင်ပြုလုပ်လာပါသည်။ သို့သော်လည်း ကြော်ငြာပိုင်းက ခန့်မှန်းရခက်ခဲပြီး မီဒီယာများက ထိန်းချုပ်နိုင်သည့်အနေအထားတွင် မရှိပါ။ ကိုဗစ်-၁၉ ကဲ့သို့ပင် ကမောက်ကမအခြေအနေများက ထပ်တလဲလဲ ဖြစ်နေဦးမည်ဖြစ်ပြီး ဝင်ငွေရပေါက်ရလမ်းများကို ကသောင်းကနင်းဖြစ်နေဦးမည်ဖြစ်ပါသည်။

မီဒီယာများအနေဖြင့် ကြော်ငြာနှင့်ပုံနှိပ်သတင်းစာအရောင်းအပေါ် မမှီခိုသည် ဝင်ငွေရပေါက်ရလမ်းတစ်ခုရှိထားရန် အချိန်ကျရောက်ပြီ ဖြစ်ပါသည်။ ပရိတ်သတ်နှင့်လူထု၏ စိတ်ပါဝင်စားမှုဖြစ်စေသည့်အပြင် လွတ်လပ်သောမီဒီယာတစ်ခု၏ လူ့အဖွဲ့အစည်းအတွင်း အလေးထားခံရမှုနှင့် သက်တမ်းရင့် အဆက်အသွယ်ကွန်ယက်များကဲ့သို့သော ပိုင်ဆိုင်မှုများမှ ဝင်ငွေရလမ်းမျိုးကို ဆိုလိုပါသည်။ ဝင်ငွေဟုဆိုရာတွင် ငွေကြေးဖြစ်ရမည်ဟု အမြဲမဆိုလိုပါ။ ပစ္စည်းချင်းအလဲအလှယ်ပြုလုပ်၍ ငွေကြေးအဖြစ် ပြောင်းလဲ၍ရသော ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများလည်း ဖြစ်နိုင်ပါသည်။ ဉပမာ မီဒီယာတစ်ခုသည် ၎င်း၏ အခန်းလွတ်တစ်ခုအား သင်တန်းခန်းမအဖြစ်အသုံးပြုရန် အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုအား သင့်တင့်သောဈေးနှုန်းဖြင့် ငှားရမ်းပေး၍ ဝင်ငွေကို အလွယ်တကူရှာဖွေခဲ့ပါသည်။

အခြားဝင်ငွေရလမ်းများက မီဒီယာလုပ်ငန်းများနှင့် အမြဲတမ်း တိုက်ရိုက်သက်ဆိုင်မှုရှိသည်တော့ မဟုတ်ပါ။ မီဒီယာများ၏ ရုံးများသို့ လာရောက်သူအများအပြားရှိတတ်ပါသည် - ဉပမာ သတင်းရင်းမြစ်များ၊ စာဖတ်သူပရိတ်သတ်များ နှင့် ဖြန့်ချီရေးသမားများ။ အနည်းငယ်မျှသာရှိသော ဘက်ဂျက်ကိုသုံး၍ ကော်ဖီ/လက်ဘက်ရည်တို့ဖြင့် ဧည့်ခံမည့်အစား ကော်ဖီဆိုင် ဖွင့်လိုက်ခြင်းက ပိုကောင်းချင်ကောင်းနိုင်ပါသည်။ တတ်ကျွမ်းသူများက စီမံပါက ကော်ဖီဆိုင်မှတဆင့် မီဒီယာအတွက် ဝင်ငွေရှာဖွေ နိုင်ပါသည်။ မီဒီယာတစ်ခုက ဟိုတယ်နှင့်လည်ပတ်စရာနေရာများဆိုင်ရာ သတင်းအချက်အလက်များပေးခြင်း အပါအဝင် ဧည့်လမ်းညွှန်ဝန်ဆောင်မှုများပေးရန် စဉ်းစားနေသည်ဟု ကျွန်မ ကြားသိထားပါသည်။ ဟိုတယ်များအနေဖြင့် ဧည့်သည်များအား ရောင်းချထားသည့် ကူပွန်များအား မီဒီယာများကို နောက်ပိုင်းတွင် ပြန်ပေး၍ရပါသည်။ ယင်းနည်းလမ်းများက ဝင်ငွေရှာဖွေရန် ဆန်းသစ်သောနည်းလမ်းအချို့မျှသာ ဖြစ်ပါသည်။

ကိုဗစ်-၁၉ ၏ သက်ရောက်မှုကို ကာလကြာမြင့်စွာ ခံစားရမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရန်လည်း ခက်ခဲမည်ဖြစ်ပါသည်။ သို့သော်လည်း စိတ်ကူးသစ်များနှင့်ဆန်းသစ်သည့်အတွေးများ ရှင်သန်ကြီးထွားနိုင်မည့် အခွင့်အရေးကိုလည်း ဖန်တီးပေးပါသည်။ ကျွန်မဆိုလိုသော အခြားဝင်ငွေရလမ်းဆိုသည်မှာ ယင်းတို့ကို ဆိုလိုခြင်းဖြစ်ပါသည်။

Tosca Santoso သည် MDIF ၏ Myanmar Media Program မှ စီးပွားရေးလုပ်ငန်းပိုင်း အနီးကပ်သင်ပြပေးသူတစ်ဦးဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး လွတ်လပ်သောရေဒီယိုသတင်းအေဂျင်စီဖြစ်သည့် KBR ၏ CEO ဟောင်းတစ်ဦးဖြစ်ပါသည်။

ဘေးကင်းလုံခြုံရေး

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ အင်တာဗျူးကို တင်ဆက်ခဲ့တဲ့အတွက် မတ်လ ၃၁ ရက်နေ့မှာ ကျွန်တော့်ကို အကြမ်းဖက်မှုစွဲချက်တွေနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ကိုလည်း အစိုးရက ပိတ်လိုက်ပါတယ်။ အဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ ဝင်ငွေအားလုံးကို ဆုံးရှုံးသွားပါတော့်တယ်။ ကျွန်တော်တို့ဆီက သတင်းတွေဝယ်ခဲ့ဖူးတဲ့ မီဒီယာတွေကလည်း ကျွန်တော်တို့နဲ့ ပတ်သက်မှုရှိတယ်လို့ အထင်မခံချင်ကြတော့ဘူး။
Voice of Myanmar

မီဒီယာ ၄ ခု၏ ဝက်ဘ်ဆိုက်များ ပိတ်ဆို့ခံခဲ့ရသည် သို့မဟုတ် နှေးကွေးအောင် ပြုလုပ်ခြင်းခံရသည်။

မီဒီယာ ၄ ခု၏ ဝန်ထမ်းများ ဖမ်းဆီးခံရသည်။

မီဒီယာ ၁၀ ခုသည် အွန်လိုင်းမှ စောင့်ကြည့်မှုခံရသည်။

ကိုဗစ်-၁၉ ကြောင့် အသွားအလာကန့်သတ်မှုများက သတင်းတင်ဆက်နိုင်မှုအတိုင်းအဆအပေါ် သက်ရောက်မှုရှိခဲ့သည်ဟု မီဒီယာ ၁၄ ခုက ဆိုပါသည်။

စစ်တမ်းပါ မီဒီယာ ၃၆ ခုအနက် ၁၄ ခုက မတ်လမှ မေလကာလအတွင်း လုံခြုံရေးနှင့်ပတ်သက်၍ မည်သည့်ပြဿနာမှ မရှိခဲ့ဟု ဆိုပါသည်။ အခြားမီဒီယာ ၁၄ ခုကမူ ၎င်းတို့အနေဖြင့် ကြုံတွေ့ခဲ့သည်ဟု ဆိုပါသည်။ ယင်းသို့ဖြစ်ရခြင်းမှာ ရန်ကုန်အခြေစိုက် ပြည်တွင်းမီဒီယာများအနေဖြင့် ၎င်းတို့၏ သတင်းထောက်များကို အခြားဒေသများသို့ သတင်းလိုက်ရန် မစေလွှတ်နိုင်ကြချေ။ တိုင်းရင်းသားပြည်နယ်များနှင့်တိုင်းဒေသကြီးများရှိ ဒေသတွင်းမီဒီယာများကမူ ယင်းဒေသများတွင် အခြေစိုက်သူများဖြစ်၍ ကန့်သတ်မှုများကြောင့် အဟန့်အတားကြုံတွေ့ရမှု များစွာမရှိကြပါ။ မြန်မာပြည်အနှံ့တွင် ကော်လံစားများရှိသော ပြည်တွင်းမီဒီယာများကလည်း အဟန့်အတားနှင့် ကြုံတွေ့မှု နည်းပါးပါသည်။ ဧပြီနှင့်မေလများတွင် ရန်ကုန်မြို့၏ မြို့နယ်အချို့သို့ အသွားအလာကန့်သတ်ထားသဖြင့် ယင်းမြို့နယ်များတွင် အခြေစိုက်သော ပြည်တွင်းမီဒီယာများအတွက် သတင်းထုတ်လုပ်မှုတွင် အတားအဆီးများပိုမို ဖြစ်စေခဲ့ပါသည်။ တိုင်းရင်းသားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အခြေစိုက်သည့် မီဒီယာအနည်းငယ်ကလည်း စစ်တပ်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် နယ်မြေများသို့ သွားရောက်ရန် - အထူးသဖြင့် ဝေဖန်ထောက်ပြမှုများပြုလုပ်ခဲ့ဖူးပါက - အခက်အခဲများရှိကြောင်း အလေးပေးပြောပြပါသည်။

စစ်တမ်းပါ မီဒီယာ ၄ ခုက ၎င်းတို့၏ ဝက်ဘ်ဆိုက်များပိတ်ဆို့ သို့မဟုတ် နှေးကွေးအောင်ပြုလုပ်ခြင်း ခံရသည်ဟု ဆိုပါသည်။ မတ်လနှောင်းပိုင်းတွင် မြန်မာ့ဆက်သွယ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီးဌာနက “သတင်းတု”ဖြန့်ဝေသည်ဟု ၎င်းတို့ကဆိုသည့် ဝက်ဘ်ဆိုက်များအပါအဝင် ဝက်ဘ်ဆိုက်ပေါင်း ၂၂၁ ခုကို ပိတ်ပင်ရန် ပြည်တွင်းရှိ အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများအား ညွှန်ကြားခဲ့ပါသည်။ ကိုဗစ်-၁၉ ကြောင့် ပိတ်ပင်ရသည်ဟု အကြောင်းပြချက်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာ ၄ ခုက ညွှန်ကြားချက်များကို အတိုင်းအတာအမျိုးမျိုးဖြင့် အကောင်အထည်ဖော်ခဲ့ကြသည်။ အချို့ဝက်ဘ်ဆိုက်များကို အချို့ကွန်ယက်များတွင် ကြည့်၍ရသော်လည်း အခြားကွန်ယက်များတွင် ပိတ်ပင်ခံထားရပါသည်။ ယင်းဝက်ဘ်ဆိုက်များကို ပြန်ဖွင့်ပေးခြင်းပြုမပြု သို့မဟုတ် မည်သည့်အချိန်တွင် ပြန်ဖွင့်ပေးမည် နှင့်စပ်လျဉ်း၍ ယခုအချိန်အထိ မသိနိုင်သေးပါ။

ကိုဗစ်-၁၉ နှင့်ဆက်စပ်သည့် သတင်းမှားများက မတ်လမှ မေလကာလအတွင်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေခဲ့သည်။ ဉပမာ စစ်တမ်းပါ မီဒီယာတစ်ခုက ၎င်းတို့မီဒီယာနှင့်အမည်တူကို အသုံးပြု၍ ဝက်ဘ်ဆိုက်သစ်များထောင်ပြီး သတင်းမှားများ ဖြန့်ဝေခြင်းဖြင့် ၎င်းတို့မီဒီယာကို အမည်ဖျက်ရန် ပြုလုပ်မှုများရှိသည်ဟု ဆိုပါသည်။

စစ်တမ်းပါ မီဒီယာ ၁၀ ခုက ၎င်းတို့၏ ကိုဗစ်-၁၉ သတင်းတင်ဆက်မှုကို အွန်လိုင်းနှင့်အခြားနေရာများမှ စောင့်ကြည့်မှုခံခဲ့ရသည်ဟု ဆိုပါသည်။ ဉပမာ ၎င်းတို့၏ သတင်းတင်ဆက်မှုများကို ဒေသအာဏာပိုင်များက အနီးကပ်စောင့်ကြည့် ခဲ့ကြသည်ဟု ဆိုပါသည်။ အလားတူပင် ဖျော်ဖြေရေးအခမ်းအနားနေရာများငှားရမ်းသည့် စီးပွားရေးလုပ်ငန်းရှင်များကလည်း ၎င်းတို့အကြောင်း ဝေဖန်ပြောကြားချက်များကို ပယ်ဖျက်ပေးရန် တောင်းဆိုခြင်း၊ ဖမ်းဆီးမည် သို့မဟုတ် တရားစွဲမည်ဟု ခြိမ်းခြောက်ခြင်းများ ဆက်လက်ပြုလုပ်လာတတ်သည်ဟု ဆိုပါသည်။ ယင်းအနေအထားကြောင့် လူအများစိတ်ဝင်စားသည့် အတိမ်းအစောင်းမခံသော သတင်းများကို ကြိုတင်ဖြတ်တောက်ထားရန် ဖိအားများ ဖြစ်ပေါ်လာစေပါသည်။

COVID-19 experience chart

လေ့လာတွေ့ရှိချက်များ

  • တိုင်းရင်းသားပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဒေသတွင်းမီဒီယာများသည် မတ်လမှ မေလကာလအတွင်း၌ ပြည်တွင်းမီဒီယာများထက် အွန်လိုင်းနှင့်အခြားမှ စောင့်ကြည့်ခံရမှုနှင့်ထိပါးနှောင့်ယှက်မှုကို ပိုမိုကြုံတွေ့ခဲ့ရသည်။
  • ပြည်တွင်းမီဒီယာများသည် အခြားမီဒီယာများနှင့်ယှဉ်ပါက အသွားအလာကန့်သတ်ချက်ကြောင့် သတင်းလိုက်ရာတွင် အဟန့်အတားများ ပိုပိုကြုံတွေ့ခဲ့ရသည်။

အခွင့်အလမ်းသစ်များ

“ကပ်ရောဂါစဖြစ်ကတည်းက ကျွန်တော် တို့ရဲ့ YouTube ချန်နယ်ကို သုံးလာခဲ့ပါတယ်။ ခုဆိုရင် ဝင်ငွေရလာတဲ့အထိအောင် ပုံမှန်ကြည့်တဲ့သူတွေနဲ့ကြည့်ရှုချိန်တွေ များလာပါပြီ။”
ရွှေဖီမြေသတင်းအေဂျင်စီ

မီဒီယာ ၂၀ က ဝင်ငွေရှာဖွေရန် နည်းလမ်းသစ်များကို စူးစမ်းရှာဖွေလာကြသည်။

မီဒီယာ ၂၁ က အရေးပေါ် အထောက်အပံ့များ ရရှိခဲ့သည်။

မီဒီယာ ၂၀ က ၎င်းတို့၏ အမှတ်တံဆိပ်ကို ပိုမိုခိုင်မာအောင် ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။

မီဒီယာ ၁၅ ခုက စီးပွားရေးပိုင်းနှင့်သတင်းပိုင်းပူးပေါင်းလုပ်ကိုင်နိုင်မည့် နည်းလမ်းသစ်များကို ဖန်တီးခဲ့သည်။

မီဒီယာ ၂၇ ခုက ၎င်းတို့၏ ဒစ်ဂျစ်တယ်ပလက်ဖောင်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံခြင်း နှင့်/သို့မဟုတ် ယင်းပလက်ဖောင်းများ၏ စွမ်းဆောင်နိုင်မှုကို မြှင့်တင်မှုများပြုလုပ်ခဲ့သည်။

မီဒီယာ ၃၀ က ၎င်းတို့၏ ဒစ်ဂျစ်တယ်ပိုင်း တတ်သိကျွမ်းကျင်မှုများကို တိုးတက်အောင် ပြုလုပ်ခဲ့ကြသည်။

အောက်ပါဇယားကွက်တွင် မီဒီယာ ၃၀ က ၎င်းတို့၏ ဒစ်ဂျစ်တယ်ပိုင်း တတ်သိကျွမ်းကျင်မှုကို ခိုင်မာအောင် ပြုလုပ်ခဲ့ပြီး မီဒီယာ ၂၇ ခုက ၎င်းတို့၏ ဒစ်ဂျစ်တယ်ပလက်ဖောင်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံခြင်း နှင့်/သို့မဟုတ် ယင်းပလက်ဖောင်းများ၏ စွမ်းဆောင်နိုင်မှုကို မြှင့်တင်မှုများပြုလုပ်ခဲ့သည်။

Actions result chart

လေ့လာတွေ့ရှိချက်များ

  • တိုင်းရင်းသားပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မီဒီယာများသည် ပြည်တွင်းမီဒီယာများထက် ဒစ်ဂျစ်တယ်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု၊ တတ်သိကျွမ်းကျင်မှုရှိကြသည်။
  • တိုင်းရင်းသားပြည်နယ်များမှ မီဒီယာများသည် ၎င်းတို့၏ အမှတ်တံဆိပ်ကိုပိုမိုခိုင်မာစေရန် နှင့် ပူးပေါင်းဆောင်ရွက်မှုသစ်များပြုလုပ်ရန် စီမံဆောင်ရွက်မှုများ ပြုလုပ်ကြသည်။

မတ်လမှ မေလကာလအတွင်း၌ပင် ဝင်ငွေရလမ်းသစ်များကို ရှာဖွေဖော်ထုတ်ထားပြီးဖြစ်သည်ဟု စစ်တမ်းပါ မီဒီယာ ၃၆ ခုအနက် မီဒီယာ ၂၀ က ပြောခဲ့သည်။ ယင်းမီဒီယာ ၂၀ အနက် ၇ ခုက YouTube ကို ဝင်ငွေရလမ်းသစ်တစ်ခုအဖြစ် ရှုမြင်လာပြီဟု ဆိုပါသည်။ သတင်းရောင်းချခြင်းကို ဝင်ငွေရလမ်းသစ်တစ်ခုအဖြစ် စဉ်းစားနေကြောင်း မီဒီယာ ၄ ခုကဆိုပြီး မီဒီယာ ၄ ခုက Facebook Instant Articles ၏ အလားအလာကို ဆန်းစစ်နေသည်ဟု ဆိုပါသည်။ မီဒီယာများက ထည့်သွင်းပြောကြားခဲ့သည့် အခြားစိတ်ကူးအကြံဉာဏ်များကို အောက်ပါဇယားကွက်တွင် ဖော်ပြထားပါသည်။

မည်သည့်မီဒီယာကမျှ ဝင်ငွေရရှိနိုင်မည့် အခွင့်အလမ်းသစ်များ - ဉပမာ အဖွဲ့ဝင်လက်ခံခြင်း၊ လပေး ပရိတ်သတ်များရှာဖွေခြင်း သို့မဟုတ် လူအများ၏ ထောက်ပံ့မှုရှာဖွေခြင်း - ကို စူးစမ်းလေ့လာခဲ့ခြင်း မရှိပါ။ အနည်းဆုံး ပြည်တွင်းမီဒီယာ ၂ ခုနှင့် တိုင်းရင်းသားမီဒီယာ ၁ ခုတို့က အလားတူလုပ်ဆောင်မှုများကို အောင်မြင်စွာ စတင်အကောင်အထည်ဖော်ခဲ့ပြီးဖြစ်သော်လည်း မြန်မာမီဒီယာလောကအတွက်မူ အသစ်များဖြစ်နေဆဲ ဖြစ်ပါသည်။

Revenue generation chart New funding chart

လေ့လာတွေ့ရှိချက်များ

  • တိုင်းရင်းသားပြည်နယ်များနှင့်တိုင်းဒေသကြီးများမှ မီဒီယာများသည် ပြည်တွင်းမီဒီယာများထက် ကိုဗစ်-၁၉ ကြောင့် အရေးပေါ်ထောက်ပံ့ငွေ သို့မဟုတ် ထောက်ပံ့ငွေသစ်ရှာဖွေကြသည်။
New funding chart New funding chart

လေ့လာတွေ့ရှိချက်များ

  • ကိုဗစ်-၁၉ ကြောင့် အရေးပေါ်ထောက်ပံ့ငွေ သို့မဟုတ် ထောက်ပံ့ငွေသစ်ရှာဖွေခဲ့သည့် မီဒီယာကြီးအားလုံးက ထောက်ပံ့ငွေ ရရှိခဲ့၍ အသေးစားနှင့်အလတ်စားအရွယ်မီဒီယာ သုံးပုံတစ်ပုံကသာ ထောက်ပံ့ငွေ ရရှိခဲ့ပါသည်။

စစ်တမ်းဖြေဆိုသည့်မီဒီယာ ၃၆ ခုအနက် ၂၁ ခုက ကိုဗစ်-၁၉ နှင့်ဆက်စပ်၍ အရေးပေါ် ထောက်ပံ့ငွေရရှိခဲ့သည်။ မီဒီယာလုပ်ငန်း ၅ ခု - တိုင်းရင်းသားပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြည်တွင်းမီဒီယာ ၁ ခုနှင့်ဒေသတွင်းမီဒီယာ ၄ ခု - အတွက် ယခုကဲ့သို့ ထောက်ပံ့ငွေရရှိခြင်းက ပထမဆုံးအကြိမ်ဖြစ်ပါသည်။ စစ်တမ်းဖြေဆိုသည့်မီဒီယာများ၏ အဆိုအရ အရေးပေါ် ထောက်ပံ့ငွေပေးသော အဓိကနိုင်ငံတကာ NGO များမှာ MDIF၊ Internews၊ FHI360 နှင့် Fondation Hirondelle တို့ဖြစ်ပါသည်။ ယင်းအဖွဲ့အစည်းများကို Sida၊ USAID နှင့် Netherlands Embassy တို့က ငွေကြေးထောက်ပံ့ပါသည်။ အရေးပေါ် ထောက်ပံ့ငွေပေးသော ပြည်တွင်း NGO များတွင် Yangon Journalism School၊ Myanmar Journalism Institute နှင့် ပေါင်းကူး (မီဒီယာအပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို ထောက်ပံ့သော မြန်မာ NGO တစ်ခုဖြစ်သည်) တို့ ပါဝင်သည်။ နော်ဝေးနိုင်ငံအစိုးရက စစ်တမ်းပါ မီဒီယာတစ်ခုကို အရေးပေါ်အထောက်အပံ့များ ပေးခဲ့ပါသည်။ စစ်တမ်းပါ မီဒီယာ ၁၂ ခုကို Google ကလည်း အရေးပေါ် အထောက်အပံ့ ပေးခဲ့ပြီး Splice Beta/Facebook က မီဒီယာ ၂ ခုကို အထောက်အပံ့ပေးခဲ့ပါသည်။ အောက်ပါဇယားတွင် Google ကို နော်ဝေးအစိုးရနှင့်အတူ နိုင်ငံတကာအလှူရှင်အဖြစ် ဖော်ပြထားပါသည်။

စစ်တမ်းပါ မီဒီယာ ၃၆ ခုအနက် ၂၃ ခုက ကပ်ရောဂါမတိုင်မီကတည်းက ၎င်းတို့ရရှိထားသော အထောက်အပံ့များဖြင့် မတ်လမှ မေလကာလအတွင်း လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေခဲ့ပါသည်။

အကယ်၍ အရေးပေါ်နှင့်ပုံမှန်အထောက်အပံ့တို့ကို ထည့်သွင်းစဉ်းစားပါက စစ်တမ်းပါ မီဒီယာ ၃၆ ခုအနက် ၃၀ ခုက အရောင်းမှမဟုတ်သော ငွေကြေးပံ့ပိုးမှု တစ်မျိုးမျိုးကို ရရှိခဲ့ပါသည်။ မီဒီယာ ၆ ခုကသာ မည်သည့်အထောက်အပံ့ကိုမျှ မရရှိခဲ့ပါ။

မြန်မာမီဒီယာများ - အထူးသဖြင့် တိုင်းရင်းသားမီဒီယာများ - ရရှိသော ထူးကဲလှသည့် အရေးပေါ်အထောက်အပံ့ပမာဏ နှင့် ကပ်ရောဂါမတိုင်မီက များပြားလှသော အလှူငွေများက ၎င်းတို့၏ လုပ်ငန်းများအပေါ် ကိုဗစ်-၁၉ ၏ ရိုက်ခတ်မှုကို ခုခံရာတွင် အလွန်ပင် အရေးပါလှပါသည်။ ယင်းအချက်သည် စစ်တမ်းပါ မီဒီယာ ၁၅ ခုက လာမည့် ၃ လတာ ကာလအတွင်း နောက်ထပ် အသုံးစရိတ်ဖြတ်တောက်မှုများပြုလုပ်ရန် အစီအစဉ်မရှိဟုဆိုရသည့် အကြောင်းရင်းဖြစ်ပါသည် (ဇယားပုံ ၅ (ခ) တွင် ကြည့်ပါ) - ယင်းမီဒီယာများအနက် ၁၃ ခုတွင် အရေးပေါ်အထောက်အပံ့ သို့မဟုတ် အလှူရှင်ထံမှ ပုံမှန်အထောက်အပံ့ ရရှိထားပါသည်။

Emergency funding chart

လေ့လာတွေ့ရှိချက်များ

  • တိုင်းရင်းသားပြည်နယ်များမှ မီဒီယာများသည် ၎င်းတို့နှင့် ရင်းနှီးပြီးဖြစ်သည့် နိုင်ငံတကာ NGO များထံမှ အထောက်အပံ့များကို ပိုမိုရယူနိုင်ကြသည်။ တိုင်းရင်းသားပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မီဒီယာငယ်များတွင် ပြည်တွင်း NGO များထံမှ အထောက်အပံ့များရယူရာတွင် ပိုမိုအောင်မြင်မှုရှိသည်ကို တွေ့ရပါသည်။

Wahyu Dhyatmika - ဒစ်ဂျစ်တယ်အနာဂတ်သစ်

ယခင်တစ်ပတ်က အရှေ့တောင်အာရှမှာ လုပ်ငန်းအတွေ့အကြုံနှစ်ပေါင်းများစွာရှိတဲ့ နာမည်ကြီးသတင်းသမား သူငယ်ချင်းတစ်ယောက်က ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်တော့ ၁၉၉၀ ခုနှစ်များဆီက အင်ဒိုနီးရှားအာဏာရှင်အစိုးရကို ပြန်ပြောင်း သတိရမိတယ်လို့ ကျွန်တော့် ကို ပြောပါတယ်။

“ဒီအကြပ်အတည်းကြီးမှာ ဆက်ပြီး ရပ်တည်ဖို့မဖြစ်နိုင်တော့လို့ မီဒီယာတော်တော်များများ ပိတ်သိမ်းကြရလိမ့်မယ်” ဟု သူက ပြောပါတယ်။ “ဘာနဲ့တူသလဲဆိုတော့ ဆူဟာတိုလက်ထက်က သိမ်းကျုံးပြီး ဆင်ဆာဖြတ်တာမျိုးပေါ့။ ဒါပေမယ့် ဒီတစ်ခါတော့ စီးပွားရေးပေါ့။” လို့ သူက ဆက်ပြောပါတယ်။

သူပြောမယ်ဆိုလည်း ပြောလို့ရပါတယ်။ ဒီဒေသကို ကပ်ရောဂါကြီးစကျပြီး ၆ လအကြာမှာလည်း ကပ်ရောဂါကြီးက ကျွန်တော့် တို့ လူ့အဖွဲ့အစည်းအပေါ် ရေရှည်ထိခိုက်မှုတွေနဲ့ ဆက်ပြီးမွှေနေဆဲပါပဲ။ လူတွေ ထောင်နဲ့ချီပြီး အသက်ဆုံးရှုံးသွားပါပြီ။ ကိုရိုနာကူးစက်ခံရတဲ့သူဦးရေက ပိုတောင်များပါသေးတယ်။ တဖြည်းဖြည်းနဲ့ ဆိုးဝါးတဲ့အမှန်တရားကို တွေ့လိုက်ရပါပြီ - ကျွန်မတို့ရဲ့ ရှင်သန်မှုအပေါ် ခြိမ်းခြောက်လာနေတဲ့ ဒီကပ်ရောဂါကြီးက ကျွန်တော် တို့ အခု နားလည်ထားတဲ့ မီဒီယာဆိုတာကြီးကို အပြီးအပိုင် ပြောင်းလဲပစ်တော့မှာ ဖြစ်ပါတယ်။ ဒါကို ရှောင်လွှဲလို့မရပါဘူး။ ကျွန်တော် တို့က မပြောင်းလဲရင် ရှေ့ဆက်နိုင်ဖို့ မလွယ်တော့ပါဘူး။

သမားရိုးကျ မီဒီယာလုပ်ငန်းပုံစံက ပြိုလဲကျနေပြီဆိုတာ ကျွန်တော် တို့ သိထားတာကြာပါပြီ။ သတင်းထုတ်လုပ်ပုံနဲ့အသုံးပြုပုံကို ဒစ်ဂျစ်တယ်နည်းပညာကြောင့် ပြောင်းလဲသွားပါပြီ။ ကြော်ငြာဝင်ငွေနဲ့ သတင်းစာ၊ မဂ္ဂဇင်းစောင်ရေတွေ ကျဆင်းလာတာလည်း နည်းနည်းကြာပြီဖြစ်ပါတယ်။ ဒီကပ်ရောဂါကြောင့် ကျဆင်းမှုဟာ ပို၍ပင် မြန်ဆန်လာပါတယ်။

ခုဆိုရင် မီဒီယာအဖွဲ့အစည်းတိုင်းဟာ ကိုယ့်ရဲ့ စုဖွဲ့ပုံ၊ ဝန်ထမ်းဦးရေ၊ ထုတ်လုပ်မှုအဆင့်ဆင့်၊ ထုတ်ကုန်ရဲ့ ကွဲပြားမှုတို့ကို ပြန်ကြည့်နေကြပါမှာ သေချာပါတယ်။ ဖြစ်နေတဲ့ အကြပ်အတည်းကို သုံးသပ်ဖို့နဲ့ ထွက်ပေါက်ရှာဖို့ ဗျူဟာဆွဲသူတွေ စုဝေးတိုင်ပင်နေမှာလည်း သေချာပါတယ်။ ဒီစစ်တမ်းမှာတွေ့ရတဲ့ မြန်မာပြည်သာမက ကမ္ဘာတစ်ဝှမ်းလုံးမှာပါ မီဒီယာတိုင်းဟာ ဒစ်ဂျစ်တယ်ပိုင်းကို ခုန်ပျံကျော်လွှားဝင်ရောက်ရတော့မှာ ဖြစ်ပါတယ်။

အောင်မြင်မှုကို ဒီအချက် ၃ ချက်နဲ့ ဆုံးဖြတ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် - ထူးခြားကွဲပြားမှု၊ ပရိတ်သတ်နှင့်ထိတွေ့တုံ့ပြန်မှု၊ သတင်း အချက်အလက်။ ထူးခြားကွဲပြားမှုဆိုတာကတော့ သတင်းတွေ လွတ်လွတ်လပ်လပ်စီးဆင်းနေတဲ့ ဒီနေ့လိုခေတ်ကြီးမှာ မီဒီယာတိုင်းဟာ ကိုယ့်ရဲ့ အားသာချက်နဲ့ မတူကွဲပြားခြားနားချက်ကို ရှာဖွေသိရှိထားရပါမယ်။ ဒီအချက်ဟာ ကိုယ့်ရဲ့ ဦးတည်ပရိတ်သတ်အတွက် ဘယ်လိုအသုံးဝင်နိုင်တယ်ဆိုတာကိုလည်း သိထားရပါမယ်။

မီဒီယာတိုင်းရဲ့ တင်ဆက်တဲ့အကြောင်းအရာက အတူတူ၊ အင်တာဗျူးတဲ့ ရင်းမြစ်ကလည်း အတူတူ၊ တင်ပြတဲ့ ရှုထောင့်ကလည်း အတူတူဆိုတဲ့ ခေတ်က ကုန်သွားပါပြီ။ တကယ်လို့ ကိုယ့်ရဲ့ သတင်းတင်ပြပုံက ပေါ်လွင်ထင်ရှားမှုမရှိရင် ဘယ်သူကမှ ကိုယ့်ကို သတိထားမိမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ကိုယ့်လူမှုအသိုက်အဝန်းနဲ့ အဆက်အစပ်ကြီးတဲ့ ဒေသတွင်းမီဒီယာတွေက ရပ်တည်နိုင်ဖို့ အလားအလား အလွန်ပဲ ကောင်းပါတယ်။

ပရိတ်သတ်နှင့်ထိတွေ့တုံ့ပြန်မှုဆိုတာ မီဒီယာတွေဟာ သတင်းတွေတင်ဆက်နေရုံနဲ့ မရတော့ပါဘူး။ သတင်းခန်းတွေဟာ သူတို့ရဲ့ ပရိတ်သတ်တွေနဲ့ တုံ့ပြန်ဆက်ဆံမှု လိုအပ်လာပြီဖြစ်ပါတယ်။ အပြန်အလှန်ပြောဆိုဆွေးနွေးတာတွေိကို တက်တက်ကြွကြွ လုပ်ဖို့ လိုလာပါပြီ။ သတင်းထောက်နဲ့ စာဖတ်ပရိတ်သတ်တွေကြားမှာ ခိုင်မြဲတဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ရာ ပွင့်လင်းမြင်သာမှုနဲ့ ဘယ်သူမဆို အကျုံးဝင်ပါဝင်နိုင်မှုရှိဖို့ လိုပါတယ်။

နောက်ဆုံးတစ်ခုကတော့ သတင်းအချက်အလက်တွေဖြစ်ပါတယ်။ သတင်းအချက်အလက်ဟာ ဒစ်ဂျစ်တယ်ခေတ်မှာ ရွှေ ပါပဲ။ ဉပမာ ပရိတ်သတ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ သူတို့ရဲ့ စာဖတ်တဲ့အလေ့အထတွေနဲ့ စိတ်ဝင်စားတဲ့အရာတွေိကို မသိရင် မီဒီယာတစ်ခုအနေနဲ့ ဝင်ငွေရပေါက်ရလမ်းကို ဖန်တီးတဲ့နေရာမှာ အလွန်ပဲ ခက်ခဲမှာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်မှာ လပေးပရိတ်သတ်ရှာတဲ့နည်းကို စလုပ်ဖို့ပဲဖြစ်ဖြစ်၊ အွန်လိုင်းမှာ လုပ်ငန်းရဲ့အမှတ်တံဆိပ်ကို ကြော်ငြာပေးတာပဲဖြစ်ဖြစ် လုပ်နိုင်ဖို့က စီးပွားရေးဌာနအနေနဲ့ ဒီလိုအချက်အလက်တွေကို လိုအပ်မှာဖြစ်ပါတယ်။ မီဒီယာတိုင်းဟာ တိုးတက်မှုအခြေအနေ တိုင်းတာဖို့ သင့်လျော်တဲ့ နည်းစနစ်တွေရှိထားရမှာ ဖြစ်ပါတယ်။

အကောင်းမြင်လွန်းနေတယ်လို့ ကျွန်တော် ကို ထင်ချင်ထင်နိုင်ပါတယ်။ ဒါပေမယ့် ဒီကပ်ရောဂါကြီးကတဆင့် ကျွန်တော် တို့ လူ့အဖွဲ့အစည်း အတွက် ပိုပြီးကောင်းတဲ့မီဒီယာတွေကို အသစ်တစ်ဖန် ပြန်လည်ဖန်တီးဖို့ အခွင့်အလမ်းရလာတယ်လို့ ကျွန်မထင်ပါတယ်။ ကျွန်တော် တို့အားလုံးဟာ လမ်းကြောင်းမှန်ကို ပြန်လည်ရှာဖွေဖို့ရာ ကိုယ့်ကိုကိုယ် မေးခွန်းတွေထုတ်ရင်းနဲ့ အစပြုလို့ရပါတယ် - ကျွန်တော် တို့ရဲ့ ပရိတ်သတ်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ပိုကောင်းအောင် အကျိုးပြုပြီး သူတို့ရဲ့ ရှင်သန်ရပ်တည်ဖို့အတွက် အလိုအပ်ဆုံးအရာတွေကို ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲ။ မီဒီယာတွေဟာ ပရိတ်သတ်တွေရဲ့ အကျိုးကိုဆောင်ရင်း ကိုယ့်အကျိုးတွေလည်း အောင်မြင်လာမှာ ဖြစ်ပါတယ်။

Wahyu Dhyatmika သည် Tempo.co ၏ အယ်ဒီတာချုပ်ဖြစ်ပြီး MDIF ၏ Myanmar Media Program တွင် နည်းပြတစ်ဦးလည်း ဖြစ်ပါသည်။

ရှေ့သို့မျှော်ကြည့်ခြင်း

ကိုဗစ်-၁၉ ကြောင့် ပြဿနာပေါင်းများစွာနဲ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရပါတယ်။ ပုံနှိပ်သတင်းစာကို ရပ်လိုက်ရတယ်။ ဝန်ထမ်းတွေရဲ့ လစာတွေ လျှော့လိုက်ရတယ်။ ဝင်ငွေတွေ ဆုံးရှုံးသွားတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေက အရှိန်အဟုန်မြှင့်တင်ပြီး ကြိုးစားအားထုတ်ခဲ့ကြလို့ အရင်ကထက်တောင် အလုပ်တွေပိုပြီး ပါသေးတယ်။ အဲ့တော့ ကျွန်တော်တို့အနေနဲ့ ရေတိုမှာ အားအင်တွေ လျော့သွားနိုင်ပေမယ့် ဆက်ပြီးရပ်တည်နိုင်မှာ သေချာသလို ဒီက လုပ်ဖော်ကိုင်ဖက်တွေကြောင့် ပိုပြီးခိုင်မာ အားကောင်းလာမှာ ဖြစ်ပါတယ်။
Frontier Myanmar

၂၀၂၀ ခုနှစ်အကုန်တွင်ရှိမည့် ၎င်းတို့မီဒီယာများ၏ အခြေအနေကို စစ်တမ်းပါ မီဒီယာ ၃၆ ခုအား ခန့်မှန်းချက်ပေးရန် မေးမြန်း ခဲ့ပါသည်။ ယခင်နှင့်တူတော့မည်မဟုတ်ကြောင်း မီဒီယာ ၂၄ ခုက ဆိုသော်လည်း ဆက်လက်ရပ်တည်နေနိုင်မည်ဟု မီဒီယာအားလုံးက ဆိုကြပါသည်။ လုပ်ငန်းများ ယခုထက် ပိုမိုသေးငယ်သွားလိမ့်မည်ဟု မီဒီယာ ၁၄ ခုက ဖြေသော်လည်း ယင်းတို့အနက် မီဒီယာ ၃ ခုက ယင်းအခြေအနေက ခေတ္တမျှသာဖြစ်မည်ဟု ဆိုပါသည်။ နှစ်မကုန်မီ ပလက်ဖောင်းအများအပြား အသုံးပြုနေရာမှ ဒစ်ဂျစ်တယ်သီးသန့်အဖြစ် ပြောင်းလဲသွားမည်ဟု မီဒီယာ ၅ ခုက ခန့်မှန်းပြောဆိုခဲ့ပါသည်။ မီဒီယာ ၂ ခုက ၎င်းတို့၏ ထုတ်လုပ်မှုများတွင် အပြောင်းအလဲများရှိလိမ့်မည်ဟု ဆိုပါသည်။ မီဒီယာ ၁ ခုကမူ ၎င်းတို့၏ လုပ်ငန်းပမာဏ ပို၍ပင် ကြီးထွားလာမည်ဟု အံ့အားသင့်ဖွယ်ကောင်းစွာ ခန့်မှန်းချက်ပေးခဲ့ပါသည်။ အခြားမီဒီယာတစ်ခုက ပိုမိုခိုင်မာတောင့်တင်းလာမည်ဟု ခန့်မှန်းပြောဆိုခဲ့ပါသည်။ ပြောဖို့ စောလွန်းသေးသည်ဟု မီဒီယာတစ်ခုက ဆိုပါသည်။ မီဒီယာ ၁၂ ခုက မည်သည့်အပြောင်းအလဲမျှရှိမည်မဟုတ်ဟု ခန့်မှန်းပြောဆိုခဲ့ပါသည်။ တိုင်းရင်းသားပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဒေသတွင်းမီဒီယာများက နှစ်မကုန်မီ ဒစ်ဂျစ်တယ်သီးသန့်မီဒီယာများအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု ပြည်တွင်းမီဒီယာကြီးများထက်ပင် ပိုမိုခန့်မှန်းပြောဆိုခဲ့ပါသည်။

Media outlet chart

အထက်ပါတွေ့ရှိချက်များအနက် အချို့က ထင်မှတ်မထားသော အရာများဖြစ်ပါသည် - အထူးသဖြင့် ၂၀၂၀ ခုနှစ်ကုန်သည်အထိ ၎င်းတို့မီဒီယာလုပ်ငန်းတွင် မည်သည့်အပြောင်းအလဲမျှရှိမည်မဟုတ်ဟု အချို့မီဒီယာများက ခန့်မှန်းပြောဆိုပါသည်။ အချို့မီဒီယာများအနေဖြင့် အလှူရှင်ထံမှ ထောက်ပံ့ငွေကြောင့် အပြောင်းအလဲရှိမည်မဟုတ်ဟု ဆိုခြင်းလည်း ဖြစ်နိုင်ပါသည်။ ယင်းထောက်ပံ့ငွေများက စီးပွားရေးမှရသော ဝင်ငွေအတက်အကျကို ခံနိုင်ရည်ရှိစေရန် အထောက်အကူပြုနိုင်သော်လည်း ထောက်ပံ့ငွေပေါ် မှီခိုအားထားစေခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။ အချို့မီဒီယာများအတွက်မူ ၎င်းတို့တတ်နိုင်သလောက်ကို လျှော့ချဖြတ်တောက်ပြီးဖြစ်သဖြင့် ထပ်မံဖြတ်တောက်ရပါက လုပ်ငန်းကို ပိတ်သိမ်းရခြင်းနှင့်အတူတူပင် ဖြစ်လာပါမည်။ သို့သော်လည်း အချို့မီဒီယာများတွင်မူ ရင်းနှီးမြှုပ်နှံမှုများ နှင့်/သို့မဟုတ် အလှူငွေများ သာမက အခြားသော စီးပွားရေး သို့မဟုတ် ကိုယ်ပိုင်ဝင်ငွေရပေါက်ရလမ်းများ ရှိကောင်းရှိနိုင်ပါသည်။ အချို့မီဒီယာများအနေဖြင့် ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော ‘လူမှုဘဝပုံစံသစ်’ နှင့်အညီ လိုက်ပါပြောင်းလဲမှု မလုပ်သေး - သို့မဟုတ် လက်မခံသေး - သို့မဟုတ် ရပ်တည်မှုအတွက် လုပ်ဆောင်ရမည့် အပြောင်းအလဲများကို ပြုလုပ်ရန် အသင့်အနေအထားမရှိခြင်းလည်း ဖြစ်နိုင်ပါသည်။

MDIF အနေဖြင့် ကိုဗစ်-၁၉ ၏ သက်ရောက်မှုအပေါ် မြန်မာမီဒီယာများ၏ တုံ့ပြန်ပုံနှင့်စပ်လျဉ်းသည့် အချက်အလက်များကို စုစည်းရန် နောက်ဆက်တွဲစစ်တမ်းတစ်ခုကို လာမည့်ရက်သတ္တပတ်နှင့်လပိုင်းအတွင်း ဆက်လက်ပြုလုပ်သွားရန် စီစဉ်နေပါသည်။ တွေ့ရှိချက်များကို ၂၀၂၀ ခုနှစ်မကုန်မီ ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်လွှာ

အယ်ဒီတာများ - သဲငြိမ်းသူ (Grace)၊ Jane Madlyn McElhone၊ Tessa Piper

ပါဝင်ရေးသားသူများ - Rose Swe၊ Tosca Santoso၊ Wahyu Dhyatmika နှင့် ရဲနိုင်မိုး

အချက်အလက်ဇယားပုံများ၊ သုတေသနနှင့်စိတ်ဖြာသုံးသပ်မှုပြုလုပ်သူများ - သဲငြိမ်းသူ (Grace)၊ Jane Madlyn McElhone၊ Oliver Spencer

စစ်တမ်းအင်တာဗျူးသူ - သဲငြိမ်းသူ (Grace)၊ ကျော်စိုး

ပြန်လည်စိစစ်သူ - Heru Hendratmoko၊ Patricia Torres-Burd၊ Tosca Santoso နှင့် Wahyu Dhyatmika

ဒစ်ဂျစ်တယ်ဒီဇိုင်းနှင့်အဆင်အပြင် - Inspiral Creative

ဆွီဒင်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (Sida) ၏ ထောက်ပံ့မှုဖြင့် ရေးသားထုတ်ဝေသည်။

ထုတ်ဝေသည့်နေ့ရက် - ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၆ ရက်

ထုတ်ဝေသူ - Media Development Investment Fund, 37 West 20th Street, Suite 801, New York, NY 10011, USA

ဤအစီရင်ခံစာကို Creative Commons Attribution-Non-Commercial ShareAlike 2.5 လိုင်စင်ဖြင့် ထုတ်ဝေသည်။ ကူးယူခြင်း၊ ဖြန့်ချီခြင်းနှင့်ခင်းကျင်းပြသခြင်းအပြင် ဆင့်ပွားဖန်တီးမှုများကိုလည်း ဖော်ပြပါ စည်းကမ်းများနှင့်အညီ လွတ်လပ်စွာပြုလုပ်နိုင်သည် - ၁) MDIF ကို အသိအမှတ်ပြုဖော်ပြရန်၊ ၂) စီးပွားရေးအလို့ငှာ အသုံးမပြုရန်၊ ၃) ဆင့်ပွား ဖန်တီးမှုများကိုလည်း အထက်ပါ လိုင်စင်အမျိုးအစားဖြင့်ပင် ဖြန့်ချီရန်။ ယင်းလိုင်စင်ပါ ဥပဒေစာသားအပြည့်အစုံကို http://creativecommons.org/licenses/by-nc-sa/2.5/legalcode တွင်ရယူနိုင်ပါသည်။

Media Development Investment Fund (MDIF) သည် လွတ်လပ်၍ အမှီအခိုကင်းသောမီဒီယာအား ခြိမ်းခြောက်မှုပြုနေသည့် တိုင်းပြည်များရှိ လွတ်လပ်သောမီဒီယာများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သော အကျိုးအမြတ်မရှာသည့် ရန်ပုံငွေအဖွဲ့အစည်းတစ်ခုဖြစ်သည်။ MDIF သည် လွတ်လပ်ပြီး စည်ပင်ဖွံ့ဖြိုးသည့် လူ့ဘောင်များထူထောင်ရာတွင် လူထုအတွက်လိုအပ်သော သတင်း၊ အချက်အလက်နှင့် အပြန်အလှန်ဆွေးနွေးမှုများကို တင်ဆက်ပေးသော နိုင်ငံပေါင်း ၄၂ နိုင်ငံရှိ မီဒီယာလုပ်ငန်းပေါင်း ၁၂၀ ခုအား အဖိုးအခသက်သာသောချေးငွေ ဒေါ်လာ ၂၃၄.၅ သန်း ကျော်ကို ၁၉၉၆ ခုနှစ်မှစတင်၍ ထုတ်ပေးခဲ့ပြီးဖြစ်သည်။

စစ်တမ်းမေးခွန်းများ

၁ (က) - သင့်မီဒီယာလုပ်ငန်းအပေါ် ကိုဗစ်-၁၉ က မည်ကဲ့သို့ သက်ရောက်မှုရှိခဲ့သနည်း။ (အဖြေများစွာထဲမှ ရွေးချယ်၍ ဖြေဆိုရသည်)

  • သက်ရောက်မှုမရှိ
  • ဝင်ငွေများ ကျဆင်းသွားသည်
  • သတင်းခန်းတွင် ထုတ်လုပ်မှု ကျသွားသည်
  • သတင်းခန်းတွင် ထုတ်လုပ်မှု တိုးလာသည်
  • ဝန်ထမ်းဦးရေ လျှော့ချခဲ့ရသည်
  • သတင်းပုဒ်ရေ လျော့သွားသည်
  • သတင်းပုဒ်ရေ တိုးလာသည်
  • ထုတ်လုပ်သော သတင်းများ၏ အရည်အသွေးနိမ့်သွားသည်
  • ဒစ်ဂျစ်တယ်ပရိတ်သတ်ဦးရေ တိုးလာသည်
  • ပုံနှိပ်သတင်းစာထုတ်ဝေခြင်းကို ယာယီ (သို့) အပြီးတိုင် ရပ်စဲခဲ့ရသည် နှင့်/သို့မဟုတ် စောင်ရေ လျှော့ထုတ်ခဲ့ရသည်
  • အခြား

၁ (ခ) - သင့်လုပ်ငန်းအပေါ် ကိုဗစ်-၁၉ ၏ သက်ရောက်မှုကို မည်သည့်အချိန်တွင် ပထမဆုံး သတိပြုသိရှိခဲ့သနည်း။ (အဖြေတစ်ခုကို ရွေးချယ် ဖြေဆိုရသည်)

  • မတ်လ အစောပိုင်းမှ အလယ်အထိ (မြန်မာနိုင်ငံတွင် ပထမဆုံးကိုဗစ်-၁၉ လူနာတွေ့ရှိကြောင်း မကြေညာမီ)
  • မတ်လနှောင်းပိုင်း (ပထမဆုံးကိုဗစ်-၁၉ လူနာတွေ့ရှိကြောင်း ကြေညာချိန်)
  • ၁-၁၃ ဧပြီလ (သင်္ကြန်ပွဲမတိုင်မီ)
  • ၁၇-၃၀ ဧပြီလ (သင်္ကြန်တွင်း အသွားအလာကန့်သတ်မှုများ ပြုလုပ်ပြီးနောက်)
  • ၁-၃၁ မေလ
  • ယခုအထိ မည်သည့်သက်ရောက်မှုမျှ မရှိပါ

၂ (က) - အကယ်၍ သင့်ရုံးတွင် ဝန်ထမ်းများ အလုပ်ဆင်းပါက နှင့်/သို့မဟုတ် ပြင်ပတွင် သတင်းလိုက်နေပါက မည်သည့် ကိုဗစ်-၁၉ ကင်းစင်ရေး အစီအမံများကို ချမှတ်ကျင့်သုံးခဲ့သနည်း။ (အဖြေများစွာထဲမှ ရွေးချယ်၍ ဖြေဆိုရသည်)

  • တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေစေခြင်း (ဉပမာ - ရုံးတက်သူဦးရေ လျှော့ချခြင်း၊ စားပွဲများကြားတွင် နေရာလွတ်များ ထားရှိခြင်း စသည်ဖြင့်)
  • လက်သန့်ဆေး/ဆပ်ပြာနှင့်ရေတို့ စီစဉ်ပေးခြင်း
  • သန့်ရှင်းရေးနှင့်ပိုးမွှားသန့်စင်မှုများ ပိုမိုပြုလုပ်ခြင်း
  • နှာခေါင်းစည်းများ စီစဉ်ပေးခြင်း
  • အကာအကွယ်ဝတ်စုံများ စီစဉ်ပေးခြင်း
  • ကိုဗစ်-၁၉ ဆိုင်ရာ ဝန်ထမ်းများလိုက်နာရမည့် မူဝါဒများ ရေးသားထုတ်ပြန်ခြင်း
  • ရုံးတွင် အလုပ်လုပ်ရန် နှင့်/သို့မဟုတ် ပြင်ပတွင် သတင်းလိုက်ရန် ဝန်ထမ်းများအား ရွေးချယ်ခွင့်ပေးခြင်း
  • အခြား

၂ (ခ) - ကိုဗစ်-၁၉ ကြောင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲရာတွင် မည်သည့်အပြောင်းအလဲများ ပြုလုပ်ထားသနည်း။ (အဖြေများစွာထဲမှ ရွေးချယ်၍ ဖြေဆိုရသည်)

  • မည်သည့်အပြောင်းအလဲမျှ မလုပ်ခဲ့ပါ
  • ဝန်ထမ်းအားလုံး အဝေးမှ အလုပ်လုပ်ကြသည်
  • ဝန်ထမ်းအချို့ အဝေးမှ အလုပ်လုပ်ကြသည်
  • အလုပ်ချိန်အတိုးအလျှော့ပြုလုပ်ခွင့်ပေးသည်
  • အားလပ်ချိန်ရသဖြင့် ကိုယ်ရေးကိုယ်တာကိစ္စများကို ပိုလုပ်နိုင်သည်
  • ဝန်ထမ်းအချို့၏ အလုပ်ချိန် လျော့နည်းသွားသည်
  • (အရာရှိများ၏) လစာလျော့သွားသည်
  • (ဝန်ထမ်းများ၏) လစာလျော့သွားသည်
  • ဝန်ထမ်းဦးရေ လျှော့ချသည်
  • အခက်အခဲရှိသော ဝန်ထမ်းများအား တစ်ဦးချင်းအနီးကပ် ပံ့ပိုးကူညီမှုပေးခြင်း
  • နေအိမ်မှ အလုပ်လုပ်သည့်ဝန်ထမ်းများအတွက် ဖုန်း/အင်တာနက်စရိတ်များ ကျခံပေးခြင်း
  • ခရီးစရိတ်များ ကျခံပေးခြင်း
  • အားကြိုးမာန်တက်အလုပ်လုပ်သော သတင်းထောက်များအား ချီးမြှင့်ငွေများပေးခြင်း
  • အခြား

၂ (ဂ) – ကိုဗစ်-၁၉ ကြောင့် ဝန်ထမ်းများအား အခြားတာဝန်များ (ရာထူး) ပြောင်းပေးခဲ့ပါသလား။ (အဖြေများစွာထဲမှ ရွေးချယ်၍ ဖြေဆိုရသည်)

  • ပြောင်းပေးခဲ့သည်
  • ပြောင်းမပေးခဲ့ပါ

၂ (ဃ) - အကယ်၍ သင့်ဝန်ထမ်းအား အဝေးမှ အလုပ်လုပ်ခွင့်ပေးထားပါက မည်သည့်အခက်အခဲများကို သင် ကြုံတွေ့ခဲ့သနည်း။ (အဖြေများစွာထဲမှ ရွေးချယ်၍ ဖြေဆိုရသည်)

  • ဝန်ထမ်းနှင့်ဆက်သွယ်ပြောဆိုရခြင်း/ညှိနှိုင်းဆောင်ရွက်ရခြင်း ပိုမိုနည်းပါးသွားသည်
  • ဝန်ထမ်း၏ လုပ်ငန်းတာဝန်ပြီးမြောက်မှု လျော့ကျသွားသည်
  • သတင်းလိုက်ခြင်း၊ သတင်းရင်းမြစ်များ/အင်တာဗျူးခံပုဂ္ဂိုလ်များနှင့်ဆက်သွယ်မေးမြန်းခြင်းတို့တွင် ပိုမိုခက်ခဲသွားသည်
  • အဝေးမှ အလုပ်လုပ်ခြင်းကို မကျင့်သုံးပါ
  • အခြား

၃။ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစ၍ မည်သည့်ဆက်သွယ်ရေးပလက်ဖောင်းများကို ပိုမို အသုံးပြုဖြစ်သနည်း။ (အဖြေများစွာထဲမှ ရွေးချယ်၍ ဖြေဆိုရသည်)

  • Phone/mobile
  • WhatsApp
  • Facebook Messenger
  • Viber
  • Signal
  • Email
  • Twitter
  • Jitsi
  • Bluejeans
  • Google Meet
  • Line
  • WeChat
  • Google Hangout
  • Dingtalk
  • Trello
  • Google Classroom
  • Microsoft Team
  • Weebo
  • Zoom
  • အခြား

၄ (က) - ကိုဗစ်-၁၉ ကြောင့် သင့် ဝင်ငွေတွင် ဆုံးရှုံးမှုများရှိခဲ့ပါက ယင်းဆုံးရှုံးမှုများက ယနေ့အထိ မည်မျှကြီးမားသနည်း။ (အဖြေတစ်ခုကို ရွေးချယ် ဖြေဆိုရသည်)

  • ဆုံးရှုံးမှုမရှိ
  • ၁၀% အောက်
  • ၁၀-၂၅%
  • ၂၅-၅၀%
  • ၅၀-၇၅%
  • ၇၅% အထက်
  • ဝင်ငွေအားလုံး ဆုံးရှုံးခဲ့သည်
  • ဝင်ငွေတိုးလာသည်
  • အခြား

၄ (ခ) - ကိုဗစ်-၁၉ နှင့်ဆက်စပ်သော ဝင်ငွေဆုံးရှုံးမှုများ - မီဒီယာအမျိုးအစားအလိုက် ပျမ်းမျှဆုံးရှုံးမှုပမာဏများ

၄ (ဂ) - ကိုဗစ်-၁၉ မတိုင်မီက သင့်မီဒီယာလုပ်ငန်းက မည်သည့်ဝင်ငွေများဖြင့် ရပ်တည်ခဲ့သနည်း။ (အဖြေများစွာထဲမှ ရွေးချယ်၍ ဖြေဆိုရသည်)

  • သူငယ်ချင်း/မိသားစု၏ရင်းနှီးမြှုပ်နှံငွေများ
  • စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံမှုများ
  • ချေးငွေများ
  • ထောက်ပံ့ငွေများ
  • လှူဒါန်းငွေများ
  • စုပေါင်းထည့်ဝင်သော ရန်ပုံငွေများ
  • အခမ်းအနားများ
  • အခြားမီဒီယာများသို့ သတင်းရောင်းချခြင်း
  • အခကြေးငွေယူ၍ ထုတ်လုပ်မှုများ
  • အကြံဉာဏ်ပေးခြင်းနှင့်သင်တန်းပို့ချခြင်း
  • သင်တန်းများဖွင့်လှစ်ခြင်း
  • ကြော်ငြာ
  • သတင်းစာရောင်းရငွေ
  • အဖွဲ့ဝင်ကြေး
  • လစဉ်ကြေး
  • သတင်းထုတ်လုပ်ရောင်းရငွေ
  • CSO များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
  • YouTube
  • စာစောင်ထုတ်လုပ်မှု
  • ဗွီဒီယိုရိုက်ကူးထုတ်လုပ်မှု
  • ရေဒီယို/တီဗွီတွင် ထုတ်လွှင့်ပေးခြင်း
  • ပရိုဂမ်ဖြင့် ကြော်ငြာလက်ခံခြင်း
  • ဈေးကွက်ချဲ့ထွင်ရန် ဆက်သွယ်ဆောင်ရွက်ပေးသည့် အေဂျင်စီ
  • စာတိုပို့သည့်ဝန်ဆောင်မှု
  • မီဒီယာလုပ်ငန်းစီမံချက်များ
  • Other

၄ (ဃ) - မေးခွန်းနံပါတ် ၄ (က) တွင် ဖြေဆိုခဲ့သော ဝင်ငွေရလမ်းတစ်ခုချင်းအပေါ် ကိုဗစ်-၁၉ က မည်မျှ သက်ရောက်မှု ရှိခဲ့သနည်း။ (အဖြေများစွာထဲမှ ရွေးချယ်၍ ဖြေဆိုရသည်)

  • သူငယ်ချင်း/မိသားစု၏ရင်းနှီးမြှုပ်နှံငွေများ
  • စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံမှုများ
  • ချေးငွေများ
  • ထောက်ပံ့ငွေများ
  • လှူဒါန်းငွေများ
  • စုပေါင်းထည့်ဝင်သော ရန်ပုံငွေများ
  • အခမ်းအနားများ
  • အခြားမီဒီယာများသို့ သတင်းရောင်းချခြင်း
  • အခကြေးငွေယူ၍ ထုတ်လုပ်မှုများ
  • အကြံဉာဏ်ပေးခြင်းနှင့်သင်တန်းပို့ချခြင်း
  • သင်တန်းများဖွင့်လှစ်ခြင်း
  • ကြော်ငြာ
  • သတင်းစာရောင်းရငွေ
  • အဖွဲ့ဝင်ကြေး
  • လစဉ်ကြေး
  • သတင်းထုတ်လုပ်ရောင်းရငွေ
  • CSO များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
  • YouTube
  • စာစောင်ထုတ်လုပ်မှု
  • ဗွီဒီယိုရိုက်ကူးထုတ်လုပ်မှု
  • ရေဒီယို/တီဗွီတွင် ထုတ်လွှင့်ပေးခြင်း
  • ပရိုဂမ်ဖြင့် ကြော်ငြာလက်ခံခြင်း
  • ဈေးကွက်ချဲ့ထွင်ရန် ဆက်သွယ်ဆောင်ရွက်ပေးသည့် အေဂျင်စီ
  • စာတိုပို့သည့်ဝန်ဆောင်မှု
  • မီဒီယာလုပ်ငန်းစီမံချက်များ
  • အခြား

၅ (က) - ကိုဗစ်-၁၉ ကြောင့် မည်သည့်အပိုင်းများတွင် အသုံးစရိတ်ဖြတ်တောက်ခြင်း သို့မဟုတ် ဆိုင်းငံ့ထားခြင်းများကို သင့်မီဒီယာတွင် ပြုလုပ်ခဲ့သနည်း။ (အဖြေများစွာထဲမှ ရွေးချယ်၍ ဖြေဆိုရသည်)

  • ဖြတ်တောက်လျှော့ချမှုမရှိ
  • ဝန်ထမ်းလျှော့ချခဲ့
  • ကော်လံစား/အလွတ်သတင်းထောက်ဦးရေလျှော့ချခဲ့
  • (မန်နေဂျာများ၏) လစာလျှော့ချခဲ့
  • (ဝန်ထမ်းများ၏) လစာလျှော့ချခဲ့
  • အဖွဲ့အစည်း၏ ဌာနစုံအပေါ် သက်ရောက်သော အသုံးစရိတ်လျှော့ချမှုများပြုလုပ်ခဲ့
  • ရုံးခန်းငှားရမ်းစရိတ်
  • ရုံးသုံးပစ္စည်းများ
  • လုပ်ငန်းများလျှော့ချခဲ့
  • ပလက်ဖောင်းများလျှော့ချခဲ့
  • ပုံနှိပ်သတင်းစာစောင်ရေလျှော့ချခဲ့
  • Facebook နှင့် Youtube အတွက် အသုံးစရိတ်များလျှော့ချခဲ့
  • အစည်းအဝေးများကို အွန်လိုင်းမှ သို့မဟုတ် ရုံးတွင်း၌ ပြုလုပ်ခြင်းဖြင့် အစည်းအဝေးအတွက် အသုံးစရိတ်များလျှော့ချခဲ့
  • ဝန်ထမ်းများစုဝေးတွေ့ဆုံပွဲများ လျှော့ချခဲ့
  • မီဒီယာကို ကြော်ငြာခြင်းနှင့် အရောင်းဈေးကွက်ချဲ့ထွင်ရန် သွားလာမှုများ လျှော့ချခဲ့
  • ခရီးသွားစရိတ်နှင့်ကွင်းဆင်းသတင်းလိုက်မှုများ လျှော့ချခဲ့
  • ပုံနှိပ်သတင်းစာထုတ်ခြင်းကို အပြီးတိုင် ရပ်စဲခဲ့
  • ပုံနှိပ်သတင်းစာထုတ်ခြင်းကို ယာယီရပ်စဲခဲ့
  • အခမ်းအနားများ
  • ကော်လံစားများ/အလွတ်တန်းသတင်းထောက်များအတွက် အသုံးစရိတ်ကို လျှော့ချခဲ့
  • ဆက်သွယ်ရေးအတွက် အသုံးစရိတ်များ လျှော့ချခဲ့
  • ထုတ်လုပ်မှုစရိတ်များ လျှော့ချခဲ့
  • အခြား

၁၅ (ခ) - ကိုဗစ်-၁၉ ကြောင့် နောင်တွင် ဖြတ်တောက်လျှော့ချမှုများ ပြုလုပ်ရန် လိုအပ်ပါက မည်သည့်အပိုင်းများတွင် ပြုလုပ်မည်ဟု စီစဉ်ထားပါသနည်း။ (အဖြေများစွာထဲမှ ရွေးချယ်၍ ဖြေဆိုရသည်)

  • ဖြတ်တောက်လျှော့ချရန် အစီအစဉ်မရှိ
  • ဝန်ထမ်းလျှော့ချခြင်း
  • ကော်လံစား/အလွတ်သတင်းထောက်ဦးရေလျှော့ချခြင်း
  • (မန်နေဂျာများ၏) လစာလျှော့ချခြင်း
  • (ဝန်ထမ်းများ၏) လစာလျှော့ချခြင်း
  • အဖွဲ့အစည်း၏ ဌာနစုံအပေါ် သက်ရောက်သော အသုံးစရိတ်လျှော့ချခြင်း
  • ရုံးခန်းငှားရမ်းစရိတ်
  • ရုံးသုံးပစ္စည်းများ
  • လုပ်ငန်းများလျှော့ချခြင်း
  • ပလက်ဖောင်းများလျှော့ချြခင်း
  • ပုံနှိပ်သတင်းစာစောင်ရေလျှော့ချခြင်း
  • Facebook နှင့် Youtube အတွက် အသုံးစရိတ်များလျှော့ချခြင်း
  • အစည်းအဝေးများကို အွန်လိုင်းမှ သို့မဟုတ် ရုံးတွင်း၌ ပြုလုပ်ခြင်းဖြင့် အစည်းအဝေးအတွက် အသုံးစရိတ်များလျှော့ချခြင်း
  • ဝန်ထမ်းများစုဝေးတွေ့ဆုံပွဲများ လျှော့ချခြင်း
  • မီဒီယာကို ကြော်ငြာခြင်းနှင့် အရောင်းဈေးကွက်ချဲ့ထွင်ရန် သွားလာမှုများ လျှော့ချခြင်း
  • ခရီးသွားစရိတ်နှင့်ကွင်းဆင်းသတင်းလိုက်မှုများ လျှော့ချခြင်း
  • ပုံနှိပ်သတင်းစာထုတ်ခြင်းကို အပြီးတိုင် ရပ်စဲခြင်း
  • ပုံနှိပ်သတင်းစာထုတ်ခြင်းကို ယာယီ ရပ်စဲခြင်း
  • အခမ်းအနားများ
  • ကော်လံစားများ/အလွတ်တန်းသတင်းထောက်များအတွက် အသုံးစရိတ်ကို လျှော့ချခြင်း
  • ဆက်သွယ်ရေးအတွက် အသုံးစရိတ်များ လျှော့ချခြင်း
  • ထုတ်လုပ်မှုစရိတ်များ လျှော့ချခြင်း
  • အခြား

၆။ အကယ်၍ ကိုဗစ်-၁၉ ကပ်ရောဂါသည် လာမည့် ၃ လအတွင်း အခြေအနေပိုဆိုးလာပါက အသုံးစရိတ်နှင့်ဝင်ငွေအတွက် သင်မည်ကဲ့သို့ မှန်းဆထားသနည်း။ (အဖြေတစ်ခုကို ရွေးချယ် ဖြေဆိုရသည်)

  • နောက်ထပ် အပြောင်းအလဲ (သို့) ဖြတ်တောက်မှု မပြုလုပ်ဘဲ ဆက်လက်ရပ်တည်နိုင်သည်
  • အသုံးစရိတ်ကို ဆက်လက်လျှော့ချရမည်။ မလျှော့ချပါက ရပ်တည်နိုင်ရန် ဝင်ငွေတိုးတက်မှုရှိရန် လိုအပ်သည်
  • အသုံးစရိတ်ကို ဆက်လက်လျှော့ချသည့်တိုင် ဝင်ငွေတိုးအောင် မလုပ်နိုင်ပါက အသုံးစရိတ်ကို ကာမိနိုင်မည် မဟုတ်ပါ
  • လုပ်ငန်းများကို ယာယီ ရပ်စဲထားရန် လိုအပ်မည်
  • မပြောတတ်သေးပါ

၇ (က) - စစ်တမ်းကောက်သည့် ကာလအစတွင် သင့်မီဒီယာ၌ ပုံနှိပ်စာစောင် (သတင်းစာ/ဂျာနယ်/မဂ္ဂဇင်း) ရှိခဲ့ပါသလား။ (အဖြေတစ်ခုကို ရွေးချယ် ဖြေဆိုရသည်)

  • ရှိခဲ့သည်
  • မရှိခဲ့ပါ

၇ (ခ) - သင့်ပုံနှိပ်မီဒီယာလုပ်ငန်းအပေါ် ကိုဗစ်-၁၉ က မည်သို့ သက်ရောက်မှုရှိခဲ့သနည်း။ (အဖြေများစွာထဲမှ ရွေးချယ်၍ ဖြေဆိုရသည်)

  • သက်ရောက်မှု မရှိပါ
  • စောင်ရေ ကျသွားသည်
  • ကြော်ငြာဝင်ငွေ ကျသွားသည်
  • သတင်းစာထုတ်ဝေခြင်းကို ယာယီ ရပ်စဲထားလိုက်သည်
  • သတင်းစာကို အပြီးတိုင် ရပ်စဲလိုက်သည်
  • ဖြန့်ချီရေးထံမှ ငွေကောက်ရာတွင် ပိုမိုခက်ခဲလာသည်
  • အခြား

၇ (ဂ-ဆ) ယခုအချိန်အထိ သင့်ပုံနှိပ်သတင်းစာအပေါ် ကိုဗစ်-၁၉ က မည်သို့သက်ရောက်မှုများ ရှိခဲ့သနည်း။ (n-19)

  • ကြိမ်ရေ
  • စောင်ရေ
  • ဈေးနှုန်း
  • စာမျက်နှာအရေအတွက်
  • သတင်းပုဒ်ရေ

၇ (ဇ)။ ကိုဗစ်-၁၉ ကြောင့် စောင်ရေကျသွားခြင်း - မီဒီယာလုပ်ငန်းအမျိုးအစားအလိုက် ပျမ်းမျှကိန်းဂဏန်းများ

၇ (ဈ) - အကယ်၍ သင့်သတင်းစာကို ဆက်ထုတ်နေဆဲဖြစ်ပါက ဖြန့်ချီရေးအပိုင်းတွင် ကိုဗစ်ကြောင့် မည်သည့် အဓိက အတားအဆီးများကို ကြုံတွေ့ရသနည်း။ (အဖြေများစွာထဲမှ ရွေးချယ်၍ ဖြေဆိုရသည်)

  • ကိုယ်စားလှယ်များ/ဖြန့်ချီရေးသမားများ/သတင်းစာအရောင်းဆိုင်များက ၎င်းတို့၏ လုပ်ငန်းများကို ပိတ်သိမ်းသွားကြသည်
  • သတင်းစာ/ဂျာနယ်များကို စာဖတ်သူများထံ အိမ်တိုင်ရာရောက်ပို့ပေးမည့် ဖြန့်ချီရေးသမားများ မရှိတော့ပါ
  • လပေးဖြင့်ဖတ်သူဦးရေ လျော့သွားသည်
  • ရောင်းရစောင်ရေ ကျဆင်းသွားသည်
  • သယ်ယူပို့ဆောင်ရာတွင် အခက်အခဲများရှိသည်

၈ (က) - ကိုဗစ်-၁၉ က ဒစ်ဂျစ်တယ်ပရိတ်သတ်အရေအတွက်အပေါ် မည်ကဲ့သို့ သက်ရောက်မှုရှိခဲ့သနည်း။ (အဖြေတစ်ခုကို ရွေးချယ် ဖြေဆိုရသည်)

  • ပြောင်းလဲမှုမရှိ
  • ၉၀% ကျဆင်းသွားသည်
  • ၇၅% ကျဆင်းသွားသည်
  • ၅၀% ကျဆင်းသွားသည်
  • ၂၅% ကျဆင်းသွားသည်
  • ၁၀% ကျဆင်းသွားသည်
  • ၁၀% တိုးလာသည်
  • ၁၅% တိုးလာသည်
  • ၂၀% တိုးလာသည်
  • ၂၅% တိုးလာသည်
  • ၃၀% တိုးလာသည်
  • ၅၀% တိုးလာသည်
  • ၆၀% တိုးလာသည်
  • ၇၅% တိုးလာသည်
  • ၉၀% တိုးလာသည်
  • မသက်ဆိုင်ပါ (ဒစ်ဂျစ်တယ်ပလက်ဖောင်း မရှိပါ)

၈ (ခ) - ကိုဗစ်-၁၉ ကြောင့် တိုးများလာသော ဒစ်ဂျစ်တယ်ပရိတ်သတ် - မီဒီယာအမျိုးအစားအလိုက် ပျမ်းမျှတိုးလာသည့် ပမာဏ

၈ (ဂ) - ကိုဗစ်-၁၉ ကြောင့် သင် ပုံမှန်တင်ဆက်နေသည့် ဒစ်ဂျစ်တယ်ပိုင်းတွင် မည်သည့်အပြောင်းအလဲများ ပြုလုပ်ခဲ့သနည်း။ (အဖြေများစွာထဲမှ ရွေးချယ်၍ ဖြေဆိုရသည်)

  • အပြောင်းအလဲမလုပ်ပါ
  • တင်ဆက်မှုပမာဏ တိုးခဲ့သည် - ဉပမာ ဆောင်းပါး၊ ဗွီဒီယို၊ ဓာတ်ပုံ၊ ဇယားပုံများ စသည်တို့ကို ပိုမိုတင်ဆက်သည်
  • တင်ဆက်မှုပမာဏ လျှော့ချသည်
  • ဒစ်ဂျစ်တယ်ပလက်ဖောင်းသစ်များတွင် တင်ဆက်မှုများ ပြုလုပ်သည်
  • အစီအစဉ်သစ်များ ဖန်တီးသည်
  • အခြား

၉ (က) - သင့်မီဒီယာတွင် တီဗွီ သို့မဟုတ် အွန်လိုင်းရေဒီယို/တီဗွီချန်နယ်များ ရှိပါသလား။ (အဖြေများစွာထဲမှ ရွေးချယ်၍ ဖြေဆိုရသည်)

  • တီဗ
  • အွန်လိုင်းရေဒီယို
  • အွန်လိုင်းတီဗွီ
  • ကေဘယ်တီဗွီ
  • Podcasts

၉ (ခ) - သင့်တီဗွီ သို့မဟုတ် အွန်လိုင်းရေဒီယို/တီဗွီအစီအစဉ် ထုတ်လုပ်မှုအပေါ် ကိုဗစ်-၁၉ က မည်ကဲ့သို့ သက်ရောက်မှုရှိခဲ့သနည်း။ (အဖြေများစွာထဲမှ ရွေးချယ်၍ ဖြေဆိုရသည်)

  • ပြောင်းလဲမှုမရှိပါ
  • ကိုဗစ်-၁၉ ကာလအတွင်း အွန်လိုင်းတီဗွီကို စတင်ထုတ်လွှင့်ခဲ့သည်
  • ထုတ်လွှင့်ချိန် လျှော့ချခဲ့သည်
  • ကိုယ်ပိုင်ဖန်တီးမှုများ နည်းသွားသည်
  • သတင်းနှင့်ဖျော်ဖြေရေးအစီအစဉ်နှစ်ခုလုံးတွင် အရည်အသွေးကျဆင်းသွားသည်
  • ထုတ်လွှင့်မှု ရပ်စဲခဲ့သည်
  • အွန်လိုင်းတီဗွီ နှင့်/သို့မဟုတ် Podcast များ တိုး၍ ထုတ်လွှင့်ခဲ့သည်
  • အခြား

၁၀။ သင့်ပရိတ်သတ်များနှင့် ထိတွေ့ဆက်ဆံမှုအပေါ် ကိုဗစ်-၁၉ က မည်ကဲ့သို့ သက်ရောက်မှုရှိခဲ့သနည်း။ (အဖြေတစ်ခုကို ရွေးချယ် ဖြေဆိုရသည်)

  • အပြောင်းအလဲမရှိပါ
  • ပရိတ်သတ်ဘက်မှ ပိုမိုဆက်သွယ်တုံ့ပြန်မှုများ ရှိလာသည်
  • ပရိတ်သတ်ဘက်မှ ဆက်သွယ်တုံ့ပြန်မှုများ လျော့နည်းသွားသည်

၁၁။ သတင်းပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် ကိုဗစ်-၁၉ က မည်သို့ သက်ရောက်မှုများရှိခဲ့သနည်း။ (အဖြေများစွာထဲမှ ရွေးချယ်၍ ဖြေဆိုရသည်)

  • သက်ရောက်မှုမရှိပါ
  • ကိုဗစ်-၁၉ သတင်းများက အများစုပါဝင်နေသည်
  • ရပ်ရွာသတင်းများကို အလားတူ တင်ဆက်နိုင်ခြင်း မရှိတော့ပါ
  • ကိုယ်တိုင်လိုက်သည့် သတင်းများကိုလည်း အလားတူ တင်ဆက်နိုင်ခြင်း မရှိတော့ပါ
  • အခြား

၁၂။ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစ၍ အောက်ပါတို့ ပိုမိုများပြားလာသည်ဟု ကြုံတွေ့ခဲ့ရပါသလား။ (အဖြေများစွာထဲမှ ရွေးချယ်၍ ဖြေဆိုရသည်)

  • ဝက်ဘ်ဆိုက်အပိတ်ခံရခြင်း နှင့်/သို့မဟုတ် နှေးကွေးအောင်ပြုလုပ်ခံရခြင်း
  • အင်တာနက်ပိတ်ထားခြင်း နှင့်/သို့မဟုတ် နှေးကွေးအောင်ပြုလုပ်ခံရခြင်း
  • ဝန်ထမ်းများ (ရဲတပ်ဖွဲ့၊ တာဝန်ရှိသူများ၊ စစ်တပ် အပါအဝင် အစိုးရ၏) ဖမ်းဆီးခံရခြင်း သို့မဟုတ် ထိပါးနှောင့်ယှက်ခံရခြင်း
  • ဝန်ထမ်းများ (အစိုးရမဟုတ်သူများ၏) ထိပါးနှောင့်ယှက်ခံရခြင်း
  • အွန်လိုင်းပေါ်တွင် စောင့်ကြည့်ခံရခြင်း
  • အခြားနေရာများတွင် စောင့်ကြည့်ခံရခြင်း
  • မီဒီယာလုပ်ငန်းလုပ်ကိုင်ရာတွင် ကန့်သတ်မှုများခံရခြင်း နှင့်/သို့မဟုတ် လုပ်ကိုင်၍မရခြင်း
  • သတင်းလိုက်ရာတွင် ကန့်သတ်မှုများခံရခြင်း နှင့်/သို့မဟုတ် လုပ်ကိုင်၍မရခြင်း (ဉပမာ အသွားအလာကန့်သတ်မှုများကြောင့်)
  • ထိုးဖောက်ဝင်ရောက်၍ နှောင့်ယှက်ခံရခြင်း
  • သတင်းမှားများဖြည့်သည့် မီဒီယာတုများ ပိုမိုများပြားလာခြင်း
  • ပိုမိုများပြားလာခြင်းမရှိပါ

၁၃ (က) - ကိုဗစ်-၁၉ ကြောင့် အောက်ပါတို့ထဲကို သင် ပြုလုပ်ခဲ့ပါသလား။ (အဖြေများစွာထဲမှ ရွေးချယ်၍ ဖြေဆိုရသည်)

  • ဝင်ငွေရရှိနိုင်မည့် နည်းလမ်းသစ်များကို ရှာဖွေခဲ့သည်
  • ဒစ်ဂျစ်တယ်ပလက်ဖောင်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံခြင်း နှင့်/သို့မဟုတ် ယင်းပလက်ဖောင်းများ၏ စွမ်းဆောင်နိုင်မှုကို မြှင့်တင်မှုများပြုလုပ်ခဲ့သည်
  • ဒစ်ဂျစ်တယ်ပိုင်း တတ်သိကျွမ်းကျင်မှုကို ပိုမိုခိုင်မာစေခဲ့သည်
  • ပရိတ်သတ်နှင့် တုံ့ပြန်ပြောဆိုမှုများ ပိုမိုပြုလုပ်ခဲ့သည်
  • အမှတ်တံဆိပ်ကို ပိုမိုအားကောင်းအောင် ပြုလုပ်ခဲ့သည်
  • လုပ်ငန်းသစ် နှင့်/သို့မဟုတ် သတင်းပိုင်း ပူးပေါင်းဆောင်ရွက်မှုများ ဖန်တီးခဲ့သည်
  • မည်သည့်ပြောင်းလဲမှုမျှ မလုပ်ခဲ့ပါ

၁၃ (ခ) - အကယ်၍ သင်သည် ဝင်ငွေသစ်ရှာဖွေနိုင်မည့် အလားအလာများကို တွေ့ရှိပြီးဖြစ်ပါက မည်သည့်အရာများ ဖြစ်သနည်း။ (နှစ်သက်ရာအဖြေပေးနိုင်သော မေးခွန်း)

၁၄ (က) - ကိုဗစ်-၁၉ စတင်ဖြစ်ပွားပြီးနောက်ပိုင်း အရေးပေါ်ထောက်ပံ့ငွေ နှင့်/သို့မဟုတ် ထောက်ပံ့ငွေသစ်များ ရှာဖွေခဲ့ပါသလား။ (အဖြေတစ်ခုကို ရွေးချယ် ဖြေဆိုရသည်)

၁၄ (ခ) - အကယ်၍ အရေးပေါ်ထောက်ပံ့ငွေ/ထောက်ပံ့ငွေသစ် ရှာဖွေခြင်းမပြုခဲ့ပါက အဘယ့်ကြောင့်နည်း။ (အဖြေများစွာထဲမှ ရွေးချယ်၍ ဖြေဆိုရသည်)

  • ဘာသာစကား အခက်အခဲများ
  • လုပ်ရမည့် အခြားအလုပ်များနှင့်နှိုင်းယှဉ်ပါက ဦးစားပေးရမည့်အရာ မဟုတ်ပါ
  • ထောက်ပံ့ငွေရရှိနိုင်ခြင်းရှိမရှိ မသေချာပါ
  • အလှူရှင်၏ ထောက်ပံ့ငွေအပေါ် မမှီခိုလိုပါ
  • မလိုအပ်ပါ
  • အခြား

၁၄ (ဂ) - အကယ်၍ ထောက်ပံ့ငွေသစ်/အရေးပေါ်ထောက်ပံ့ငွေရှာဖွေခဲ့ပါက ရရှိခဲ့ပါသလား။ (အဖြေတစ်ခုကို ရွေးချယ် ဖြေဆိုရသည်)

  • ရခဲ့သည်
  • မရခဲ့ပါ

၁၄ (ဃ) - အကယ်၍ သင့်မီဒီယာက အထောက်အပံ့သစ်/အရေးပေါ်အထောက်အပံ့ ရရှိထားပါက မည်သည့်နေရာက ရရှိခဲ့သနည်း။

  • နိုင်ငံတကာအလှူရှင်များ
  • နိုင်ငံတကာ NGO များ
  • ပြည်တွင်း NGO များ
  • မိသားစု/မိတ်ဆွေများ၏ ရင်းနှီးမြှုပ်နှံငွေများ
  • စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံမှုများ/ချေးငွေများ
  • အလှူငွေ/ရန်ပုံငွေရှာဖွေမှုများ
  • အခြား

၁၅။ ၂၀၂၀ ခုနှစ်အကုန်တွင် သင့်မီဒီယာ၏အခြေအနေ မည်ကဲ့သို့ရှိမည်ဟု ထင်သနည်း။

  • ပြောင်းလဲမှုရှိမည်မဟုတ်ပါ
  • မီဒီယာငယ်တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေမည်ဖြစ်သည်
  • ပိုမိုကြီးမားသောမီဒီယာတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေမည်ဖြစ်သည်
  • ပိုမိုခိုင်မာအားကောင်းသော မီဒီယာတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေမည်ဖြစ်သည်
  • ဒစ်ဂျစ်တယ်သီးသန့်မီဒီယာတစ်ခုအဖြစ် ကွဲပြားသောသွင်ပြင်ဖြင့် ဆက်လက်ရပ်တည်နေမည်ဖြစ်သည်
  • ယခုထက်ပိုမိုသေးငယ်သော မီဒီယာတစ်ခုဖြစ်သွားမည်ဖြစ်သော်လည်း ခေတ္တမျှသာ ဖြစ်ပါသည်။
  • ကျွန်ုပ်တို့ မီဒီယာ၏ထုတ်ကုန်တစ်ခု (သို့) တစ်ခုမကတွင် အပြောင်းအလဲရှိမည်ဖြစ်သည်/ထုတ်လုပ်တော့မည် မဟုတ်ပါ။
  • ပြောရန်စောလွန်းသေးသည်
  • လုပ်ငန်းကို ဆက်လုပ်တော့မည်မဟုတ်ပါ
  • အခြား